ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၁ ရက်
ဧရာဝတီတိုင်း၊ လေးမျက်နှာနှင့် ညောင်တုန်းမြို့နယ်တို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့က CDM ကျောင်းဆရာ၊ဆရာမ (၅)ဦးထက်မနည်း စစ်ကောင်စီတပ်မှဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ကျောင်းဆရာ ဆရာမများကို အကြမ်း ဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်ခံထားရကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရသည်။
” ရေကင်းလှည့်ရင်းနဲ့ သတင်းရတယ်ဆိုပြီးရွာထဲကိုဧည့်စာရင်းလာစစ်တာ။ ရွာထဲမှာရှောင်နေတဲ့ CDM ဆရာမနဲ့ ဆရာတစ်ဦးကိုဖမ်းသွားတယ်။ ရွာချင်းကပ်ပဲသပြေချောင်းရွာက CDM ဆရာမ နှစ်ယောက်ကိုထပ်ဖမ်းသွားတယ်။ မြို့ထဲကရဲစခန်းကိုဖမ်းခေါ်သွားတာလို့သိရပါတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
CDM မူလတန်းပြ ကျောင်းဆရာ၊ဆရာမ နှစ်ဦးနှင့် သပြေချောင်းကျေးရွာမှ CDM မူလတန်းပြကျောင်းဆရာမ နှစ်ဦး စုစုပေါင်း (၄)ဦးကို ဧည့်စာရင်းစစ်ဆေးပြီး ဝင်ရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။
ထို့အပြင် ဖမ်းဆီးခံထားရသည့် CDM ကျောင်းဆရာ၊ဆရာမ (၄)ဦးကို ညောင်တုန်းမြို့မရဲစခန်း၌ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မဖြင့် အမှုဖွင့်ထားကာစစ်ဆေးနေပြီးမိသားစုဖြင့်တွေ့ဆုံခွင့်မရကြောင်း ဖမ်းဆီးခံရသူ၏မိသားစုဝင်များထံကသိရသည်။
” ညောင်တုန်းရဲစခန်းမှာအစစ်ခံနေရတယ်။ အကြမ်းဖက်ပုဒ်မနဲ့အမှုဖွင့်ထားတာဆိုပြီးရဲစခန်းသိတဲ့သူဆီကသိရတာ။ မိသားစုနဲ့ တွေ့ခွင့်မရဘူးဖြစ်နေတယ်” ဟုဖမ်းဆီးခံရသူ၏မိသားစုဝင်တစ်ဦးကဆိုသည်။
အလားတူ လေးမျက်နှာ မြို့နယ်၌ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်ကသဲနုကုန်းကျေးရွာတွင် နေထိုင်သည့် CDM အလယ်တန်းပြ ကျောင်းဆရာတစ်ဦးကိုစစ်ကောင်စီတပ်နှင့်ရဲအဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
#ညောင်တုန်းမြို့နယ် #လေးမျက်နှာမြို့ #ကျောင်းဆရာဆရာမများ #CDM #စစ်ကောင်စီတပ် #ဖမ်းဆီးခံရ #Ayeyarwaddy_Times