ဧရာ၀တီတိုင်းမ်
ဇူလိုင် ၃၁ ရက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်အာဏာကို ထပ်မံ၍ ခြောက်လသက်တမ်းတိုးကာ ဆက်လက်တာ၀န်ယူမည်ကို ဗိုလ်ချုပ်အဆင့်ရှိသည့် စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်အချို့အပါအဝင် စစ်တပ်အသိုင်းအဝိုင်းက မလိုလားတော့သည့်အခြေအနေဖြစ်ပေါ်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် နစကစစ်ကောင်စီလက်ထက်၌ တပ်မတော်မှာ ထိခိုက်ကျဆုံးမှု များပြားပြီး အဖက်ဖက်မှ ယိုယွင်း ချည့်နဲ့လာနေခြင်း၊ တိုင်းပြည်စီးပွားရေး အကြီးအကျယ်ကျဆင်းခြင်းနှင့် နိုင်ငံတကာ၏အရေးယူပိတ်ဆို့မှုများကြောင့် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များ၏အကျိုးစီးပွားများ အကြီးအကျယ် ထိခိုက်မှုများဖြစ်နေသည့်အတွက် ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်အဆင့်များအပါအဝင် တပ်ထိပ်ပိုင်း ခေါင်းဆောင်များနှင့် တပ်အသိုင်းအဝိုင်းက စစ်ခေါင်းဆောင် ဆက်လက်တာဝန်ယူမည်ကို မလိုလားကြတော့ကြောင်း သိရသည်။

“သက်တမ်းတိုးယူနေလည်း ထူးထူးခြားခြားပြောင်း လဲတာမျိုးလည်းမရှိလေ။ အောက်ခြေစစ်သည်တွေရော၊ တပ်ထဲရော သတင်းဖုံးဖိပြီးထားလို့သာ အတော် ထိန်းနေရတယ်။ ပြတ်ပြတ်သားသားလုပ်ဆောင်တာ မရှိတော့ လက်အောက်ငယ်သားတွေက သိပ်မကြိုက် ကြတော့ဘူး။ အားမရကြဘူးပေါ့။ နောက်ပိုဆိုးတာက တပ်ကခေါင်းဆောင်အချို့ရဲ့ စီးပွားရေးတွေ လုပ်ငန်း တွေ ပိတ်ခံရတော့ မကြည်ကြတော့ဘူး”ဟု နေပြည်တော်ရှိ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သူက ဧရာ၀တီတိုင်းမ် ကိုပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်မှုများကိုနှိမ်နင်းရန် စစ်ကောင်စီက ပြည်နယ်နှင့်တိုင်း ၇ ခုမှ မြို့နယ်ပေါင်း ၃၇ ခုကို စစ်အုပ်ချုပ်ရေးကြေညာကာ ထိုးစစ်ဆင်ခြင်း၊ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ ကျေးရွာများကို လုယက်ဖျက်ဆီးမီးရှို့ခြင်းစသည့် အကြမ်းဖက်မှု နည်းလမ်းပေါင်းစုံ အသုံးပြုခဲ့သော်လည်း ဒေသအခြေပြု တော်လှန်ရေးတပ်ဖွဲ့များ၏အပြင်းအထန်ခုခံမှုကြောင့် နယ်မြေစိုးမိုးမှု မရဘဲ ဖြစ်နေသည်။

ထို့ပြင် စစ်ဆင်ရေးများ၌ စစ်သည်များအကျအဆုုံးများပြားခြင်း၊ ဒဏ်ရာရသူ ထွက်ပြေးသူများပြားနေခြင်း၊ အင်အားလျော့နည်းနေသည့်ကြားမှ စစ်ကောင်စီက ပြည်နယ်နှင့်တိုင်းများ၌ နေရာစုံ စစ်မျက်နှာဖွင့်ခြင်း၊ စီမံကွပ်ကဲမှု ညံ့ဖျင်းသည်ဟုဆိုကာ ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့် ကစထမှူးများ၊ ဗိုလ်ချုပ်အဆင့် စစ်တိုင်းမှူးများကို ထင်သလို ရာထူးဖြုတ် ပြောင်းရွှေ့ခြင်းများ ပြုလုပ်နေသည့်စစ်ခေါင်းဆောင်၏လုပ်ရပ်အပေါ် တပ်အသိုင်းအဝိုင်းက စိတ်ပျက်နေကြခြင်းဖြစ်သည်ဟု ဆိုသည်။

“သူက တနေရာထဲကိုလည်း နယ်မြေစိုးမိုးမှုရအောင် သေချာမတိုက်ဘဲ နေရာစုံ စစ်မျက်နှာတွေ ဖွင့်နေတာ၊ အင်အားမရှိတဲ့ကြားက အတင်းကို ထိုးစစ်ဆင်ခိုင်းနေတာတွေက အောက်ကလူတွေကို သေတွင်းထဲ ပို့သလို ဖြစ်နေတယ်။ ဒီကြားထဲ တိုင်းမှူးတွေ ညံ့ဖျင်းတယ်ဆိုပြီး ဖြုတ်တာပြောင်းတာတွေလုပ်တော့ ဗိုလ်ချုပ်အဆင့်က စလို့ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီးကနေ အကြပ်စစ်သည်တွေအထိ လက်ရှိကာချုပ်ကို မလိုချင်ကြတော့ဘူး။ ဘာတစ်ခုမှ သေသေချာချာ လုပ်မပြနိုင်တဲ့အတွက် သူဆက်လုပ်တာ မလိုချင်တော့ဘူး။ သူ့ကို တပ်ထဲမှာ တော်တော်ချဉ်နေပြီ”ဟု နေပြည်တော်ရှိ စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းပြည်တည်ငြိမ်ရေးနှင့်လုံခြုံရေး ဆောင်‌ရွက်ရန်ကိစ္စများ ရှိနေသည့်အတွက် နောက်ထပ်အာဏာသက်တမ်းတိုးရန် ပြင်ဆင်နေမှုကို အရိပ်အမြွက် ထည့်သွင်းပြောကြားခဲ့သည်။

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း ၎င်းတို့အာဏာသက်တမ်းကို ၆ ထပ်တိုး ရန်ပြင်ဆင်နေချိန်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ ထိပ်တန်းအရာရှိကြီးအချို့ကို ရာထူးအပြောင်းအလဲများ ပြုလုပ်ခဲ့ပြီး လူပေါင်း ၃၀၀ ကျော်ကို အရပ်ဘက်ဌာနများသို့ ပြောင်းရွှေ့ခန့်ထားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အာဏာသိမ်းပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံမှ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက် ဥပဒေပုဒ်မ ၄၂၅ ကိုအသုံးပြုပြီး ၁ နှစ်သက်တမ်းတိုးမှု ၂ ကြိမ်ပြုလုပ်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် တိုင်းပြည်မှာ သာမာန် အခြေအနေမဟုတ်သေးဟု ဆိုကာ ၆ လသက်တမ်း ထပ်မံတိုးမြှင့်ခဲ့ပြီး လက်ရှိတွင် ၎င်းတို့အာဏာသက်တမ်းကို ထပ်မံတိုးမြှင့်ရန် ပြင်ဆင်နေကြောင်း သိရသည်။

#မင်းအောင်လှိုင် #စစ်တပ် #ဗိုလ်ချုပ် #စိတ်ပျက် #Ayeyarwaddy_Times