နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၁ ရက်
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ပုလိပ်မြို့ရဲစခန်းဝင်းအတွင်းသို့ ယမန်နေ့ ဇူလိုင် ၃၀ ရက်နေ့ ညပိုင်းက ဝင်ရောက်မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့(PAFD)ထံက သိရသည်။
အဆိုပါ ပုလိပ်မြို့ရဲစခန်းသည် တော်လှန်ရေး ရဲဘော်များကို ဖမ်းဆီးနှိပ်ကွပ်ခြင်း၊ လောင်းကစားဝိုင်း ထောင်ခြင်း၊ ဆပ်ကြေးကောက်ခံခြင်းတို့ကို ပြုလုပ်နေသောကြောင့် ယမန်နေ့ ည ၈ နာရီ ၄၅ မိနစ် ခန့်က ဝင်ရောက်မိုင်းထောင် ဖောက်ခွဲတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရဲစခန်းထဲက ရဲတွေရှိလောက်မယ်ထင်တဲ့ နေရာကို ချတယ်။ ချကျခြင်းပဲ သူတို့ (စစ်ကောင်စီ တပ်ဖွဲ့ဝင်) က ပစ်တာပဲ။ ပစ်တဲ့ကြားကနေ ကျွန်တော်တို့ ပြေးပြီးခွဲတာ ပေါ့နော်မိုင်းက အကြီးစားပေါ့နော်။ မိုင်းအကြီးစား ဆိုတာ သာမန်ကျွန်တော်တို့ လုံးနေကျ မိုင်းတွေထက် ခြောက်ဆ ခုနစ်ဆလောက် ကြီးပြီးတော့ အဲထဲမှာ ပါဝင်ပစ္စည်းတွေ ထည့်ထားတာပေါ့” ဟု PAFD တပ်ဖွဲ့ခေါင်းဆောင် ကိုတေဇက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ မိုင်းထောင်နေစဉ် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့ပြီးပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ ဘက်ကမူ ထိခိုက်မှုမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ထိခိုက်မှုကတော့ ရှိမရှိတော့ ကျွန်တော်တို့ မသိရသေးဘူး။ ကျွန်တော်တို့ စုံစမ်းရ သလောက်ကတော့ သူတို့(စစ်ကောင်စီ) ရဲစခန်းတော့ တိတ်ဆိတ်ခြောက်ကပ်နေတယ်။ အဲလိုပဲ သတင်းရထားပါသေးတယ်။ ဘာလှုပ် ရှားမှုမှတော့ မတွေ့ရဘူးပေါ့နော်” ဟု PAFD တာဝန်ရှိသူက ဆိုသည်။
ယင်းသို့ မိုင်းထောင်ဖောက်ခွဲမှုကြောင့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိမရှိကိုမူ မသိရှိရသေးဘဲ လက်ရှိတွင် ငြိမ်သက်နေသလို ပြည်သူ လူထုကိုလည်း ဖမ်းဆီးစစ်ဆေးခြင်းမျိုးများ မတွေ့ရှိရကြောင်း အာဏာရှင်စနစ် တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD)ထံက သိရသည်။
ဓာတ်ပုံ – PAFD
#စဉ့်ကိုင်မြို့ #ပုလိပ်ရဲစခန်းဝင်း #မိုင်းထောင်ဖောက်ခွဲ #PAFD #Ayeyarwaddy_Times