နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၁ရက်
ကရင်ပြည်နယ် ဘာအံမြို့ရှိ အစစ်ဆေးကြမ်းသည့် သံလွင်တံတား စစ်ဆေးရေးဂိတ်တွင် ယနေ့ ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး သေဆုံးသူများရှိကာ ထိခိုက်ဒဏ်ရာရသူ ၃၀ ကျော်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ယနေ့ နံနက် ၆ နာရီ ၄၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့သည့် သံလွင်တံတားပေါက်ကွဲမှုကြောင့် ဘားအံမြို့ဘက်သို့ သွားလာသည့် လမ်းများကို စစ်ကောင်စီက ပိတ်ပင်ထားပြီး အဆောက်အဦးအချို့ နှင့် ဂိတ်ဘေးရှိ ကားများ၊ ဆိုင်ကယ်များပါ ထိခိုက်ပျက်စီး ခဲ့ကြောင်း သိရသည်။
“ဒီမနက် ပေါက်ကွဲတာ ဟုတ်တယ် ။ တရုတ်လှဘက်အခြမ်းမှာ ဖြစ်တာ။ ပေါက်ကွဲတဲ့ အသံက အတော်လေးကျယ်တယ်။ သံလွင်တံတားက အဖွဲ့စုံ စစ်ဆေးရေး ဂိတ်ပါ။ စစ်ဆေးရေးဂိတ်မှာ စစ်သားတွေ ၊ ရဲတွေ နဲ့ ထွေအုပ်က ရှာဖွေရေးလုပ်နေတဲ့သူတွေစုနေတဲ့ အချိန်မှာပေါက်ကွဲသွားတာပါ။ လူမပြောနဲ့ အဆောက်အဦးတွေတောင် ရစရာမရှိအောင် ပျက်စီး သွားတာဆိုတော့ အသေအပျောက်များနိုင်တယ်။ သွားကြည့်လို့မရဘူး” ဟု ဒေသခံ အသက် ၄၀ ခန့်ရှိ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ စစ်ဆေးရေးဂိတ်သည် စစ်ဆေးမှုကြမ်းတမ်းပြီး စစ်ကောင်စီလက်အောက်ခံ အဖွဲ့စုံရှိကာ ပေါက်ကွဲတဲ့ချိန်သည် လူစုချိန်ဖြစ်၍ ထိခိုက်သေဆုံးမှု များနိုင်ကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ ဖောက်ခွဲမှုကို မည်သည့်အဖွဲစည်းက ပြုလုပ်ခဲ့ကြောင်း မသိရှိရ သေးသလို ပေါက်ကွဲမှုကြောင့် လမ်းပိုင်းအချို့လည်းပျက်စီးခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ-ဒေသခံပေးပို့
ပုံစာ- ပေါက်ကွဲမှုဖြစ်ပွားစဉ်
#ဘားအံမြို့ #သံလွင်တံတား #ပေါက်ကွဲမှု #သေဆုံးမှုများ #၃၀ကျော်ထိခိုက်ဒဏ်ရာရ #Ayeyarwaddy_Times