ဟိန်းစံ/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၇ ရက်

စစ်ကောင်စီတပ်က အောက်ခြေမှ စစ်သားများနှင့် အရာ ရှိများ ထွက်ပြေးပြီး ပြန်ဖမ်းမိလျှင် ယခင်ကဲ့သို့ အရေး ယူခြင်းများမပြုလုပ်တော့ဘဲ တိုက်ပွဲများဖြစ်နေသည့် စစ်ဆင်ရေးနယ်မြေများသို့ ပို့ဆောင်နေကြောင်း သိရသည်။

စစ်ဥပဒေအရ တပ်မှထွက်ပြေးသူများကိုခွင့်မဲ့ပျက်ကွက်အဖြစ် စာရင်းသွင်းရပြီး ၂၁ ရက်ကျော်သည်အထိ ခွင့်မဲ့ပျက်ကွက်ဖြစ်လျှင်တပ်ပြေးအဖြစ် ကြေညာရသည်။ ခွင့်မဲ့ပျက်ကွက်ရက်အပေါ် မူတည်၍ တပ်တွင်းအချုပ် ၃ လ မှ ၆ လအထိ ပြစ်ဒဏ်ချလေ့ရှိပြီး တပ်ပြေးများဆိုလျှင် ထောင်ဒဏ်ချမှတ်လေ့ရှိသည်။

သိ့သော် လက်ရှိကာလတွင် စစ်အင်အားလိုအပ်ချက်အရ ခွင့်မဲ့ပျက်ကွက်များနှင့် တပ်ပြေးများကို ပြန်လည်ဖမ်းမိပါက အရေးယူခြင်း မလုပ်တော့ဘဲ တိုက်ပွဲများဖြစ်ပွားနေသည့် ရှေ့တန်းသို့ ပို့ဆောင်နေကြောင်း CDM ပြုလုပ်သည့် တပ်မတော်သားများထံမှ သိရသည်။

“ကျွန်တော်တို့ ၂ ယောက်က နောက်တန်းမှာထဲက ထွက် ပြေးတာ။ ပြီးခဲ့တဲ့ ၆ လပိုင်းထဲမှာထွက်ပြေးတာပေါ့။ ပြေးနေရင်းကနေ ၅ ရက်လောက်ကြာတော့ နေပြည်တော်နားက စစ်ဆေးရေးဂိတ်မှာ ကျနော်တို့ကို ပြန်ဖမ်းခံလိုက်ရပြီး တပ်ကိုပြန်ပို့ခံလိုက်ရတယ်။ တပ်ပြန်ရောက်တော့ ကျနော်တို့ကို ခွင့်မဲ့စာရင်းလည်း မသွင်းထားဘူး။ ရောက်ရောက်ချင်း ၁ ညအချုပ်ထဲမှာ အိပ်လိုက်ရတယ်၊ နောက်ရက်ကျ ဒီတပ်မက ကရင်ပြည်နယ်စစ်ဆင်ရေးမှာဆိုတော့ အဲ့ဒီကိုချက်ချင်းပို့လိုက်တာ”ဟု ဇူလိုင်လ ၁၀ ရက် နေ့က CDM ပြုလုပ်လာသည့် တပ်မ ၄၄ မှ စစ်သည်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် အဆိုပါ ခမရ ၁၀၂ တပ်ကပင် ၄င်းတို့နည်းတူ စစ်ကောင်စီတပ်ကိုစွန့်ခွာထွက်ပြေးခဲ့သူ ဗိုလ်ကြီး ရဲအောင် ဆိုသူလည်း ၁၀ ရက်ကြာတပ်မှစွန့်ခွာထွက်ပြေးသွားပြီးနောက် ဖမ်းဆီးခံခဲ့ရကာ ပြန်လည်ရောက်ရှိလာခဲ့ပြီး ၄င်းတို့နှင့်ရှေ့ဆင့်နောက်ဆင့်ပင် ရှေ့တန်းစစ်ဆင် ရေးသို့ပို့ဆောင်ခံခဲ့ရသည်ဟု ၄င်းက ဆက်လက်ပြောပြသည်။

သို့သော် တပ်ရင်း၊တပ်ဖွဲ့များမှ စွန့်ခွာထွက်ပြေးသူစစ်ကောင်စီတပ်သားများကို သက်ဆိုင်ရာတပ်ရင်းများမှခွင့်မဲ့ပျက်ကွက်နေမှုကို အဆင့်ဆင့်တင်ပြခြင်းမရှိဘဲ အောက်ခြေတွင် ကျိတ်၍ လိုက်လံရှာဖွေပြီးနောက်ပြန်လည်ဖမ်းဆီးရမိပါက အရေးမယူတော့ဘဲ စစ်ဆင်ရေးနယ်မြေများကိုသာချက်ချင်းပို့ဆောင်နေခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ယင်းကဲ့သို့ စည်းမျဥ်းများအတိုင်းမလုပ်ဆောင်တော့ဘဲ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများဖမ်းဆီးမိပြီးပြန်လည်ရောက်ရှိလာပါက အရေးယူမည့်အစားရှေ့ တန်းသို့ပို့ဆောင်ကာ အသေခံတိုက်ခိုက်ခိုင်းစေခြင်း ဖြစ်သည်ဟု တပ်မတော်သားအရာရှိဟောင်းတဦးကပြောသည်။

” ဒါတွေက တပ်ရင်းတိုင်းနီးပါးမှာဘဲအဲ့ဒီလိုလုပ်နေတာ။ အရင်ကထဲက အဲ့ဒီလိုလုပ်လာတာကနေ ခုအခြေအနေဆိုပိုဆိုးတာပေါ့။ထွက်ပြေးရင် ခွင့်မဲ့မထုတ်ဘူး၊ ဥထားတာ။ ပြီးရင် ရအောင်လိုက်ဆက်သွယ်၊သူ့မိသားစုတွေကနေတဆင့်ပြန်ချော့ခေါ်တာရော၊ နီးစပ်ရာကနေလိုက်ဖမ်းတာရောပေါ့။ ပြန်ရောက်တာလည်းရှိတယ်၊မရောက်တာလည်းရှိတယ်။ ပြန်ရောက်လာတာမျိုးဆိုရင် အရေးယူနေရင်အလုပ်ရှုပ်တယ်ဆိုတဲ့ပုံစံနဲ့ ရှေ့တန်းကိုတန်းပို့လိုက်တာ ” ဟု စစ်ကောင်စီတပ်အရာရှိဟောင်းတဦးကပြော သည်။

အဆိုပါအခြေအနေသည် စစ်ကောင်စီတပ်ကိုစွန့်ခွာ၍ CDM ပြုလုပ်လိုသည့် ရှေ့တန်းစစ်မြေပြင်ရှိစစ်ကောင်စီတပ်သားများအတွက် CDM ပြုလုပ်ရန်ပိုမိုလွယ်ကူစေပြီး ပြည်သူနှင့်အတူပူးပေါင်းကြရန် ပြည်သူ့ရင်ခွင်အဖွဲ့ဝင် CDM တပ်မတော်သား Captain Zero ကတိုက်တွန်းထားသည်။

” အဲ့ဒီလို စစ်တပ်ကိုစွန့်ခွာချင်လို့ နောက်တန်းမှာထဲကပြေးတယ်၊ ပြည်မထဲမှာဆိုရင်တောင် CDM လုပ်ရတာခက်တယ်ပေါ့နော်၊အစစ်ဆေးတွေ ဧည့်စာရင်းတွေနဲ့က မလွယ်ဘူး။ ဒီ EAO နယ်မြေတွေထဲက စစ်ဆင်ရေးဝင်နေတဲ့သူတွေဆိုရင် ပူးပေါင်းလိုက်တာနဲ့ရပြီ။ ဒီဘက်ကလည်းအကုန်ကူညီပေးနေတာ၊ လက်နက်ပါရင်လည်းထိုက်သင့်တဲ့ငွေကြေးပေးနေတာဆိုတော့၊ အဲ့ဒီလို စစ်ကောင်စီတပ်ကနေထွက်ပြေးလို့ ရှေ့တန်းပို့ခံရတဲ့သူတွေအနေနဲ့ ရှေ့တန်းမှာ CDM လုပ်ရတာပိုမိုလွယ်ကူပါတယ်” ဟု ၄င်းကပြောသည်။

ဓာတ်ပုံ – CJ