ဓာတ်ပုံ-ယခင်ပုံဟောင်း

ဗွီအာတီ/ဧရာဝတီတိုင်းမ်
မင်းတပ်၊ ဇူလိုင်လ ၁၇ ရက်

ချင်းပြည်နယ်၊ မင်းတပ်-မတူပီဘက်သို့ ဦးတည်လာသော စစ်ကောင်စီယာဉ်တန်းအစီးရေစုစုပေါင်း ၁၃၀ ကျော် သည် မကွေးတိုင်း၊ ပခုက္ကူမြို့မှ ယနေ့၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် စတင်ထွက်ခွာလာခဲ့ကြောင်း သိရသည်။

“ချင်းတောင်ဘက်ကို ဦးတည်မယ်လို့ ယူဆထားတဲ့ ယာဉ်အစီးရေ(၃၀)ဟာ ပထမအသုတ်အနေနဲ့ ပခုက္ကူမြို့ကနေ ဒီနေ့နံနက်ပိုင်းမှာ စတင်ထွက်ခွာသွားတယ်၊ နောက်နာရီပိုင်းအကြာမှာ ယာဉ်အစီးရေ(၁၀၀)ကျော် ဆက်လက်ထွက်ခွာသွားတာ တွေ့ရတယ်၊ ယာဉ်တန်းတွေက မိုးကာနဲ့ အလုံအုပ်ထားတော့ ယာဉ်ထဲမှာ ဘာတွေ သယ်ဆောင်သွားသလဲဆိုတာတော့ မသိရဘူး”လို့ ပခုက္ကူမြို့မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်မ်းကို ပြောသည်။

ချင်းပြည်နယ်၊ မင်းတပ်-မတူပီဘက်သို့ ဦးတည်ပြီး ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းနှင့် ပတ်သက်ပြီး CDF-Mindatက ပြည်သူလူထုများကြိုတင်သိရှိရန်အတွက် ယနေ့၊ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

မတူပီမြို့တွင် အခြေစိုက်သော စစ်ကောင်စီတပ်များအတွက် စစ်လက်နက်နှင့် ရိက္ခာများကို စစ်ကောင်စီတပ်များက (၄)လတစ်ကြိမ်နှုန်ဖြင့် ပို့ဆောင်ပေးပြီး ယခုယာဉ်တန်းသည်(၄)ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်များအတွက် သေမင်းတမန်လမ်းဟု တင်စားခေါ်ဝေါ်ကြသော မင်းတပ်-မတူပီလမ်းသည် မိုင်တိုင်အားဖြင့် မိုင်ပေါင်း(၁၀၄)မိုင်ကွာဝေးပြီး ယခင်စစ်ယာဉ်တန်းများကို CDF-Mindatနှင့် CDF-Matupiတို့က မင်းတပ်-မတူပီကြားတွင် ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များအသေအဆုံးများပြားခဲ့ကြောင်းသိရသည်။