ဧရာ၀တီတိုင်းမ်
ဇူလိုင် ၃၀ ရက်

စစ်ကောင်စီတပ်မှ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာန ချုပ်မှ ဒုတိယတိုင်းမှူး၊ စကခ (၂၀)မှ ဌာနချုပ်မှူးနှင့် တနင်္သာရီတိုင်း နယ်လုံ၀န်ကြီးတို့ကို ဌာနတွင်းသတင်း ပေါက်ကြားမှု များရှိသည်ဟုဆိုကာ လာရောက်ဖမ်း ဆီးသွားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့က ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်(ကရခ) ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သစ်လွင်ထူး၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ်(၂၀) (စကခ-၂၀) မှ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်၀င်းကျော်သူနှင့် တနင်္သာရီတိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး(လုံံ/နယ်ဝန်ကြီး) ဗိုလ်မှူးကြီးသိန်းလင်းတို့ကို နေပြည်တော် အထူးစစ် ဆေးရေး အဖွဲ့မှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ် ကြောင်း သိရသည်။

“ဒုတိုင်းမှူးနဲ့ တပ်မမှူးက တပ်ထဲမှာနေတော့ တပ်ထဲကိုပဲ လာခေါ်တာ။ ဖမ်းခံရတဲ့အထဲ လုံနယ် ၀န်ကြီးလည်းပါတယ်။ ဌာနတွင်းက သတင်းတွေအပြင်ကိုပေါက်ကြားမှုတွေရော လာဘ်စားမှုတွေရောလို့ ကြားတယ်။ ဘာကြောင့်ဆိုတာတော့ သေချာမပြောတတ်ဘူး။ ခုကအထက်က ဆင်းလာပြီဆို တိုင်းတစ်တိုင်းမှာရှိတဲ့ ထိပ်ပိုင်းခေါင်းဆောင်ကနေ သက်ဆိုင်ရာအဖွဲ့လိုက်အကုန်သမတာ။ ခုဆိုရင် ကစထမှူး(စစ်ဆင်ရေးအထူးအဖွဲ့မှူး) တွေ၊ တိုင်းမှူးတွေ အကုန် မျက်ခုံးလှုပ်နေတဲ့ အခြေအနေပဲ”ဟု အရာရှိတပ်တွင်းသတင်း ရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးနှင့် နယ်/လုံ၀န်ကြီး ဗိုလ်မှူးကြီး သိန်းလင်းတို့ကို ရာထူးမှဖယ်ရှား၍ ပိုင်ဆိုင်မှုများကို ချိပ်ပိတ်ထားကြောင်းနှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ်(၂၀) ဌာနချုပ်မှူး တပ်မမှူး ၀င်းကျော်သူတို့ကိုမူ နေပြည်တော်တွင် ဆက်လက်စစ်ဆေးနေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

ဖမ်းဆီးစစ်ဆေးခံနေရသူများကို စီးပွားရေးလုပ်ငန်းရှင်များနှင့် နယ်စပ်ကုန် သွယ်ရေးလုပ်ငန်းရှင်များမှ လာဘ်စားမှုများဖြင့် တိုင်ကြားထားသည်များရှိပြီး ယင်းတိုင် ကြားမှုများကြောင့် ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း ပြောဆိုမှုများရှိသော်လည်း ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

အဆိုပါ ကမ်းရိုးတန်းဒေသစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စောသန်းလှိုင် ကိုလည်း စစ်ကောင်စီမှ ဖမ်းဆီး၍ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး လက်ရှိတွင်မူ တိုင်းမှူးရာထူး ဖြင့် တာ၀န်ထမ်းဆောင်လျက် ရှိနေသေးကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် တပ်မမှူး ဗိုလ်မှူးချုပ်၀င်းကျော်သူမှာ ယခင်က တပ်မ (၃၃) ဌာနချုပ်၏ တပ်မမှူးဖြစ်ပြီး စစ်ကိုင်းတိုင်းရှိ ဒေသခံပြည်သူများကို သတ်ဖြတ်မီးရှို့မှုများ ပြုလုပ်ရာတွင် အဓိကပါ၀င်သူတစ် ယောက်ဖြစ်သည်ဟု သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဏာသိမ်းပြီး နှစ်နှစ်တာ ကာလအတွင်း တိုင်းမှူးများနှင့် ၎င်းတို့၏ဇနီးများကို ဖမ်ဆီးကာ ရာထူးမှဖယ်ရှားခြင်း၊ နေရာချိန်းခြင်း၊ အရပ်ဘက်ဌာနများသို့ပို့ဆောင်ခြင်းများ ပြုလုပ်ထားသည်။

ပုံစာ-ကရခဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သစ်လွင်ထူး ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တံဆိပ်

#တနင်္သာရီတိုင်း #ကမ်းရိုးတန်းဒေသစစ်ဌာနချုပ် ဒုတိုင်းမှူး #တပ်မမှူး #လုံနယ်၀န်ကြီး #စစ်ကောင်စီဖမ်းဆီးစစ်ဆေး #Ayeyarwaddy_Times