ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇူလိုင် ၃၀ ရက်)
ကျောက်ကပ်ဟာ ဘယ်တစ်လုံး ညာတစ်လုံး အစုံလိုက်ရှိပြီး ကျောရိုးရဲ့ဘေးနား ဝမ်းဗိုက်အတွင်းမှာ ရှိပါတယ်။ ခန္ဓာကိုယ်ထဲမှာ လည်ပတ်စီးဆင်းနေတဲ့ သွေးထဲမှာ ပါလာတဲ့ အဆိပ်တွေကို ဖယ်ရှားပေးပြီး ဆီးအဖြစ်စွန့်ထုတ်ပေးပါတယ်။ ရေဓါတ် ဆားဓါတ် မျှခြေထိန်းညှိပေးခြင်း၊ ဟော်မုန်းထုတ်လုပ်ထိန်းညှိပေးခြင်း အပါအဝင် ခန္ဓာကိုယ် ကျန်းမာရေးကို ပြန်လည်စောင့်ရှောက်ပေးနေတဲ့ ကျောက်ကပ်ဟာ အရေးပါ တာကြောင့် တန်ဖိုးထား စောင့်ရှောက်ရပါမယ်။
မြန်မာနိုင်ငံမှာ ကျောက်ကပ်ရောဂါများ အဖြစ်များပါတယ်။ စစ်တပ်က အာဏာခိုးမှု မတိုင်မီ ၂၀၂၀ခုနှစ် စာရင်းအချက်အလက်တွေအရ မြန်မာနိုင်မျာ ကျောက်ကပ်ကြောင့် သေဆုံးသူအရေအတွက်ဟာ န၀မမြောက်အများဆုံးဖြစ်ပြီး နံပါတ် ကိုး မှာရှိပါတယ်။
ကွမ်းယာစားသုံးခြင်းဓလေ့ ၊ သောက်ဆေးတွေကို ဆရာဝန်နဲ့တိုင်ပင်ခြင်းမပြုဘဲ မိမိ သဘောနှင့် မိမိအတိုင်းဆမဲ့သုံးစွဲခြင်းနဲ့ ဆီးချိုသွေးတိုရောဂါအခံရှိသူတွေဟာ ကျောက်ကပ် ရောဂါများအဖြစ်များပါတယ်။
#ရုတ်ချည်းကျောက်ကပ်ပျက်စီးထိခိုက်ခြင်း(Acute Kidney Injury – Acute Renal Failure)
သွေးပေါင်ချိန်ကျလွန်းခြင်း၊ သွေးထွက်လွန်ခြင်း၊ ဆိုးဆိုးရွားရွားဝမ်းလျှောခြင်း၊ အမော ဖောက်နှလုံးရောဂါ၊ သွေးတွင်းပိုးဆိပ်ပျံ့နှံ့ခြင်း၊ မြွေအဆိပ်ပျံ့ခြင်း အသည်း ပျက်စီး ထိခိုက်ခြင်း၊ အကိုက်ခဲပျောက်ဆေးများအလွန်အမင်းသုံးစွဲမိခြင်း မီးလောင်ဒဏ်ရာများ ကြောင့် ရုတ်ချည်းကျောက်ကပ်ပျက်စီးထိခိုက်ခြင်းကို ကြုံရတတ်ပါတယ်။
လက္ခဏာအနေနဲ့ ဆီးထွက်နည်းပါမယ်။ သွေးဖောက်စစ်ဆေးတဲ့အခါ Creatinine ဓာတ် ထူးထူးကဲကဲ များပြီး ဆီးအဆိပ်များနေတာကို တွေ့ရပါမယ်။ အဲ့ဒါတွေအပြင် သွေးတိုးခြင်း၊ ဖောရောင်ခြင်း၊ ဆီးသွားနည်းခြင်း၊ အသက်ရှူမောပန်းခြင်း အရေပြား ပြသနာများ၊ ပျို့ခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း၊ အိပ်၍မရခြင်းနဲ့ စိတ်ရှုပ်ထွေးခြင်းတွေ ကိုလည်း ကြုံရတတ်ပါတယ်။
ကျောက်ကပ်ပျက်စီးတဲ့အခါ ဆီးကနေ အသားဓါတ်များဆုံးရှုံးခြင်း နဲ့ ဆီးအမြှုပ်ထခြင်း တို့ကို စောင့်ကြည့်ရပါမယ်။ ကျောက်ကပ်ကို ဆေးတွေနဲ့ ကုသယုံသာမက ကျောက်ကပ် လုံးဝအလုပ်မလုပ်တော့ပါက အသက်ကယ်ရန် အရေးပေါ် ကျောက်ကပ်ဆေးဖို့ လို့အပ်လာနိုင်ပါတယ်။ ဆေးရုံတင်စောင့်ကြည့်ကုသဖို့လိုပါတယ်။
#နာတာရှည်ကျောက်ကပ်ပျက်စီးထိခိုက်ခြင်း (Chronic Renal Failure CRF)
အခြေအနေတခုခု ရောဂါတစ်ခုခုက ကာလတာရှည် ကျောက်ကပ်ကို ထိခိုက်ပြီး မကျန်းမာဖြစ်စေပါတယ်။ သွေးချိုဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ် ရောင်ရမ်းခြင်းရောဂါများ၊ ကျောက်ကပ်တွင် အရည်အိတ်ကြီးများတည်ခြင်းရောဂါ၊ အခြားမွေးရာပါကျောက်ကပ်ရောဂါများ၊ ဆီးလမ်းကြောင်းပိတ်ဆို့ရောဂါများ၊ ဆီးကျောက်တည်ရောဂါများ၊ ဆီးကျိတ်ကြီးရောဂါ၊ ကင်ဆာရောဂါများ၊ အကိုက်အခဲ ပျောက်ဆေးများရေရှည်သုံးခြင်း နဲ့ ဆီးလမ်းကြောင်းပိုးဝင် ပြည်တည်ရောဂါတွေကြောင့်လည်း နာတာရှည်ရောဂါအဖြစ် ကျောက်ကပ်ကို ထိခိုက်ပျက်စီးပါတယ်။
ကျောက်ကပ်ရောဂါဖြစ်ပြီဆိုရင် ရောဂါအခံကိုစနစ်တကျကုသရပါမယ်။ သွေး၊ဆီး စစ်ဆေးခြင်းတွေ၊ အာထရာစောင်းရိုက်ခြင်းတွေ အချိန်မှန်ပြုလုပ်ပြီး ကျောက်ကပ် ထိခိုက်ပျက်စီးမှု အဆင့်အလိုက် ဆေးပမာဏစနစ် တကျချိန်ညှိသောက်ယူရပါမယ်။ ကျောက်ကပ်ရောဂါကို အရှင်းပျောက်အောင် မကုသနိုင်ပေမယ့် ရှိရင်းစွဲအခြေအနေက ပိုပြီးဆိုးမသွား အောင်ထိန်းသိမ်းကုသရပါမယ်။ သောက်ဆေးများကုသရုံနှင့် ကျောက် ကပ်ပျက်စီးခြင်းကို မထိန်းသိမ်းနိုင်တဲ့အခါမှာတော့ ကျောက်ကပ်ဆေး ခြင်းကုထုံးကို မှီခိုလာကြရပါတယ်။ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသခြင်းကိုလည်း နောက်ဆုံးမှာ ထည့်သွင်းစဉ်းစားကြရပါတယ်။
ဆီးချို သွေးတိုးကို သေချာကုရပါမယ်။အကိုက်အခဲပျောက်ဆေး မလိုရင်လုံးဝမသုံးပါနဲ့။ အဆီရှောင် အငန်ရှောင် ဆေးလိပ်ဖြတ် ကွမ်းယာဖြတ် လေ့ကျင့်ခန်းမှန်မှန် လုပ်တာတွေက နာတာရှည်ကျောက်ကပ်ရောဂါကုသတဲ့အခါ ကောင်းကျိုးတွေ ရစေပါတယ်။ နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း ဆေးဝါးကုသတာ ၊ အစားအသောက် ဆင်ခြင်တာတွေ လုပ်ဆောင်ရင်း ကာကွယ်ကုသနိုင်ပါတယ်။
#ကျောက်ကပ်တွင်ဆီးကျောက်တည်ခြင်း (Nephrolithiasis-Renal stone)
ဆီးကျောက်တည်ခြင်းဟာ အဖြစ်များသလို မကြာခဏလည်းတွေ့ရပါတယ်။ ရုတ်တရက် မခံမရပ်နိုင်အောင်ခါးနာ၍ ဆေးရုံဆေးခန်းပြစဉ် ရောဂါရှာဖွေတွေ့ကြသလို အချို့ကလည်း ကျန်းမာရေး ဆေးစစ်ဖို့ အာထရာစောင်း ဓာတ်မှန် ကွန်ပျူတာဓာတ်မှန် သံလိုက်ဓာတ်မှန် တို့ရိုက်စဉ်ရှာဖွေတွေ့ရှိသွားတတ်ကြပါတယ်။
စွန့်ထုတ်သောဆီးအညစ်အကြေးပေါ်မူတည်ပြီး ဆီးကျောက်အမျိုးစား ကွာခြားပါတယ်။ ကျောက်ကပ် ကျောက်တည်ရခြင်းက လူနေမှုပုံစံ၊ စားသောက်မှုပုံစံ၊ ကိုယ်အလေးချိန်၊ သောက်သုံးရေအမျိုးအစား၊ ရောဂါအခံရှိခြင်းနဲ့ အချို့သောက်ဆေးတွေက ဆီးလမ်း ကြောင်း ပိုးဝင်ခြင်း ဖြည့်စွက်အားဆေးတွေကြောင့် ဖြစ်ရတာပါ။
ခါးနာခြင်းဖြင့်အစပြုပြီး ဆီးကျောက်ရွေ့သည့်အလျောက် တင်ပါး ပေါင်ခြံ ကပ္ပါယ်အိပ် အမျိုးသမီးလိင်အင်္ဂါ တို့အထိ နာကျင်ရွေ့လျားပါတယ်။ နောက်ဆုံးမှာ ဆီးသွားစဥ် ကျောက်ကျပါသွားနိုင်ပါတယ်။
ဆီးလမ်းကြောင်းမှာ ပိတ်ဆို့သွားတဲ့ ဆီးကျောက်များကိုလည်း ကျောက်ပျော် ဆေးများ ဖြင့်ကုသခြင်း၊ ကျောက်ခြေစက်များဖြင့်ကုသခြင်း၊ ခွဲစိတ်ကုသခြင်း၊ မှန်ပြောင်းဖြင့်ဆွဲ ယူခြင်း၊ ဖယ်ရှားခြင်းမျိုး ကုသနိုင်ပါတယ်။ ဆီးကျောက်က ဆီးလမ်းကြောင်းကို ထိုးမိပွတ်တိုက်မိတဲ့အခါ နာကျင်တဲ့အတွက် အကိုက်အခဲ ပျောက်ဆေးကောင်းကောင်း ဖြင့် ကုသဖို့ လိုပါတယ်။
ဒါကြောင့် တန်ဖိုးထားစောင့်ရှောက်ရမယ့် ကျောက်ကပ်ကို ဂရုစိုက်ပါ။ သောက်ရေကောင်း အမျိုးအစားကိုရွေးချယ်ပါ။ ရေအလုံ အလောက်သောက်ပါ။ အငန် လျော့စားပါ။ သွေးမတိုးအောင်ထိန်းပါ။ အရက်နဲ့ဆေးလိပ် လျော့ပါဖြတ်ပါ။ ဆေးကို မလိုဘဲ မသောက်ပါနှင့်၊ ဆီးမအောင့်ထားပါနှင့် မကြာခဏ ဆီးသွားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ အိပ်ချိန်အပြည့်ယူပါ။ အချိန်မှီကုသမှုခံယူပါ။
Ayeyarwaddy Times သတင်းစာမျက်နှာကို ဖတ်ရှုနေတဲ့ပရိတ်သတ်တွေ အနေနဲ့လည်း ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ နောက်တစ်ပတ်မှာတော့ ဝမ်းချုပ်ခြင်း နဲ့ ပတ်သက်တဲ့ ကျန်းမာရေး အသိပေးမှုတွေ မျှဝေပေးသွားမှာမို့ ဆက်လက်စောင့်မျှော်ဖတ်ရှကြဖို့ တိုက်တွန်းလိုက်ပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #တန်ဖိုးထားစောင့်ရှောက်ရမယ့် #ကျောက်ကပ်ကျန်းမာရေး #ဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)