ဧရာဝတီတိုင်းမ်
(နေပြည်တော်) ဇူလိုင်လ ၃၀ ရက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ ဒုဝန်ကြီးအဆင့် အိမ်ယာတစ်ခုသို့ ပြောင်းရွှေ့ထားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ဒေါ်အောင်ဆန်းစုကြည်မှာ နေပြည်တော် အကျဉ်းထောင်ရှိ သီးသန့်ဆောင်တွင်သာ ရှိနေသေးကြောင်း နေပြည်တော်အကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်ကိုမှ မရွှေ့ပါဘူး။ ထောင်ထဲမှာပဲ ရှိပါတယ်”ဟု နေပြည်တော်အကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ထောင်အတွင်း၌သာ ရှိနေသေးကြောင်း အကျဉ်းထောင်နှင့်နီးစပ်သည့် သတင်းရင်းမြစ်တချို့က အခိုင်အမာပြောဆိုပြီး ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများနှင့်ပတ်သတ်၍ နောက်ဆက်တွဲ အခြေအနေများကို ရေးသားဖော်ပြနိုင်ရန် ဆက်လက်ကြိုးပမ်းနေဆဲ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်မှ ဒုဝန်ကြီးအဆင့်ရှိ နေအိမ်တစ်လုံးသို့ ပြောင်းရွှေ့ ထားကြောင်း ဇူလိုင်လ ၂၅ ရက်နေ့တွင် ဘီဘီစီ(မြန်မာပိုင်း) ဌာနက သတင်းစတင်ဖော်ပြခဲ့ပြီး NLD ပါတီထိပ်ပိုင်းမှ အမည်မဖော်လိုသောတာဝန်ရှိသူတချို့ကို ကိုးကား၍ AFP သတင်းဌာနက ဖော်ပြခဲ့သည်။
သို့သော် စစ်ကောင်စီ၏ဝါဒဖြန့်သတင်းများ ဖော်ပြနေသည့် People Media က ဒေါ်အောင်ဆန်းစုကြည်မှာ နေပြည်တော်ထောင်၌သာရှိပြီး ထောင်ပြင်ပသို့ ရွှေ့ပြောင်းခြင်းမရှိကြောင်း ဇူလိုင်လ ၂၆ ရက်နေ့တွင် ၎င်းတို့၏ တယ်လီဂရမ်ချန်နယ်မှ ရေးသားဖော်ပြခဲ့သည်။
စစ်ကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ထားရှိမှုနှင့်ပတ်သတ်၍ ယနေ့အချိန်အထိ သတင်းထုတ်ပြန်ခြင်း မရှိပေ။ ထို့ပြင် ယင်းသတင်းအား အတည်ပြုနိုင်ခြင်း မရှိကြောင်း စစ်ကောင်စီ၏ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဘီဘီစီသတင်းဌာနကို ဖြေကြားခဲ့သလို ဒေါ်အောင်ဆန်းစုကြည်၏သတင်းကို သူမသိကြောင်း VOA သတင်းဌာနကိုလည်း ဖြေကြားခဲ့သည်။
NLD ပါတီကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားရှိသည့် သတင်းမှာ ကောလဟာလသာဖြစ်ပြီး အတည်ပြုနိုင်ခြင်းမရှိကြောင်း ပါတီဗဟိုအလုပ်ကော်မတီဝင် ဦးထွန်းမြင့်က RFA သတင်းဌာနနှင့်အင်တာဗျူးတွင် ဖြေကြားခဲ့သည်။
”ဒါက အကြမ်းဖက်စစ်ကောင်စီအနေနဲ့ လိမ်ညာဝါဒဖြန့်တယ်လို့ပဲ ယူဆတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ထဲကနေပြီးတော့မှ အကျယ်ချုပ် နေအိမ်တစ်အိမ်ကို ပြောင်းရွှေ့လိုက်တယ်တို့၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သွားတွေ့တယ်တို့၊ တရုတ်ရဲ့ အာရှရေးရာကိုယ်စားလှယ် သွားတွေ့တယ်တို့ဆိုတာက အပြင်မှာထွက်နေတဲ့ ကောလဟာလမျှသာ ဖြစ်တယ်။ ကျွန်တော်တို့ပါတီအနေနဲ့ လက်လှမ်းမီသလောက် စုံစမ်းသိရှိရတဲ့အခါမှာ ဘာမှသက်သေသက်ကာယ ပြနိုင်တဲ့ အခြေအနေလည်း မရှိပါဘူး”ဟု NLD ပါတီ ဗဟိုအလုပ်ကော်မတီဝင် ဦးထွန်းမြင့်က RFA သတင်းဌာနကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်မှာ စစ်ကောင်စီ၏စီမံမှုအောက်တွင်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်နေသည့်အတွက် နေအိမ်တစ်လုံးသို့ ပြောင်းရွှေ့သည်ဆိုသောကိစ္စမှာ စစ်ကောင်စီအနေဖြင့် အတိအကျ သိရှိသောကိစ္စ ဖြစ်ကြောင်း၊ ယခုကဲ့သို့ တိကျစွာအဖြေမပေးဘဲ ၎င်းတို့မသိရှိကြောင်း BBC နှင့် VOA ကဲ့သို့ ပြည်ပသတင်းမီဒီယာ များကို စစ်ကောင်စီက ဖြေကြားနေခြင်းမှာ မရိုးသားသည့်ရည်ရွယ်ချက်ရှိနေကြောင်း နေပြည်တော်ထောင်တွင် တစ်နှစ်နီးပါးအကျဉ်းချခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးက သုံးသပ်ပြောဆိုသည်။
“အမှုတွေအကုန်အပြီးသတ် ထောင်ချလိုက်ပြီဆိုကတည်းက ဒေါ်အောင်ဆန်းစုကြည်က ဘယ်သူနဲ့မှ တွေ့ခွင့်မရတော့တာ။ ယုတ်စွအဆုံး ရှေ့နေတွေနဲ့ပါ တွေ့ခွင့်မရတော့ဘူး။ နောက်ပြီးထောင်ထဲမှာက ဒေါ်အောင်ဆန်းစုကြည် ရုံးထုတ်ရင်တောင် တစ်ထောင်လုံးမှာ ရှိတဲ့ လူအကုန်အဆောင်ထဲထည့်ပြီးမှ ထုတ်တာ။ အခုက NLD ပါတီက ပဲ ဟုတ်ပါတယ်လို့ ပြောတဲ့သူရယ်။ မဟုတ်ပါဘူးပြောတဲ့သူရယ် ကွဲနေတယ်။ နိုင်ကျဉ်းဟောင်းတစ်ယောက်အနေနဲ့ပြောရရင် အကုန်လွှတ်ပေးရမှာ။ ဒါပေမယ့် အခုလို အငြင်းပွါးတဲ့ သတင်းစီးဆင်းမှု မြင်ရတာ မရိုးသားဘူးလို့ မြင်တယ်”ဟု သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီအနေဖြင့် နှစ်သောင်းကျပ်တန်ငွေစက္ကူထုတ်ဝေမည့်သတင်းကြောင့် တိုင်းပြည်အတွင်း ပြဿနာများ ပေါ်ပေါက်နေသည်ကို အာရုံလွှဲလိုသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏သတင်းမှားကို လွှင့်ထုတ်ခြင်းဖြစ်နိုင်သလို ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားရှိပါက ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံရေးအင်အားစုတို့၏ တုန့်ပြန်ချက်များကို သိရှိလို၍လည်း သတင်းမှားဖြန့်ခြင်းဖြစ်နိုင်ကြောင်း သူက ဆက်လက်ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်မှနေအိမ်သို့ ပြောင်းရွှေ့ကာ အကျယ်ချုပ်ထားရှိသည်ဟု သတင်းများ ထွက်ပေါ်နေသလို NLD ပါတီ ဒုဥက္ကဌ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ကိုလည်း ထောင်မှထုတ်၍ နေပြည်တော်ရှိ နေအိမ်တစ်လုံးသို့ ရွှေ့ပြောင်းထားသည်ဟု သတင်းမီဒီယာတချို့က ရေးသားဖော်ပြမှုများရှိသည်။
လာမည့် ဩဂုတ် ၁ရက်နေ့တွင် ကျရောက်သည့် ဝါဆိုလပြည့်နေတွင် အာဏာသိမ်းစစ်ခေါင်းဆောင်းတည်သည့် မာရဝိဇယဘုရားပြီးမြောက်သည့် အခမ်းအနားအထိမ်းအမှတ် အဖြစ် လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသားများ လွှတ်ပေးရန်အတွက် အကျဉ်းထောင်အသီးသီးတွင် စာရင်းများ ကောက်ယူနေကြောင်း သိရသည်။
အဆိုပါနေ့တွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စစ်ကောင်စီ ဖမ်းဆီးထောင်ချထားသည့် NLD အရပ်သားအစိုးရအဖွဲ့ခေါင်းဆောင်များ၊ NLD ထိပ်ပိုင်းခေါင်းဆောင်များကို လွှတ်ပေးခြင်း၊ ပြစ်ဒဏ်လျော့ပေးခြင်းနှင့် နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲခြင်းများကို စစ်ကောင်စီက ပြုလုပ်လာနိုင်သည်ဟု ခန့်မှန်းမှုများလည်း ရှိသည်။
#ဒေါ်အောင်ဆန်းစုကြည် #နေပြည်တော်အချုပ်ထောင် #နေအိမ်အကျယ်ချုပ် #NLD #ဒေါက်တာဇော်မြင့်မောင် #Ayeyarwaddy_Times