ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၀ ရက်

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲအတွင်းပါဝင်ခဲ့သည့်​ ဒေသခံများအား စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ဝင်များမှလစဥ်ငွေကြေးတောင်းခံကာခံဝန်လက်မှတ်ထိုးပြုလုပ်မှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

မော်လမြိုင်​ကျွန်းမြို့ရှိ ရပ်ကွက်များ၌ ဇူလိုင်လ ဒုတိယအပတ်ကစတင်ပြီး စစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များမှလိုက်လံဖမ်းဆီးကာ ခံဝန်ထိုးခိုင်းနေပြီး ငွေကျပ် ၅သိန်း မှ ၁၀သိန်း ကြားတောင်းခံမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

” အရင်ဆန္ဒပြပွဲမှာပါတယ်ဆိုပြီးအိမ်ကိုလာဖမ်းသွားတာ။နောက်တော့ခံဝန်လက်မှတ်ထိုးခိုင်းတယ်ပေါ့။ ရပ်ကွက်အုပ်ကြီးနဲ့ရဲစခန်းပေါင်းပြီးလစဥ် ၆သိန်း ပေးရမယ်။လတိုင်းရဲစခန်းကိုလက်မှတ်လာထိုးပေးရမယ်ဆိုပြီးအကြပ်ကိုင်တယ်” ဟု ငွေကြေးတောင်းခံနေရသူမြို့ခံတစ်ဦးကဧရာဝတီတိုင်းမ်သို့ပြောသည်။

ထို့အပြင် နွားရေကျော်ကျေးရွာနှင့် ဖိုးတီလွတ်​ကျေးရွာတို့၌လည်း ဒေသခံပြည်သူများအပေါ် ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သည်ဟုဆိုကာ လစဥ်ငွေကျပ် ၁၀ သိန်းခြိမ်းခြောက် တောင်းခံမှုများပြုလုပ်နေကြောင်း ကျေးရွာဒေသခံများထံကသိရသည်။

” စစ်ကောင်စီကခန့်ထားတဲ့အုပ်ကြီးတွေရွာသားတွေကိုအနိုင်ကျင့်ငွေတောင်းနေတာ။ ရွာထဲကသူတွေအားလုံးက NLD ချည်းပဲဆိုတော့ တမင်တကာငွေညစ်နေတာ။တရွာလုံးကိုအကြောင်းမဲ့ငွေတောင်းတယ်။ တစ်လကို ဆယ်သိန်းပေးရမယ်။ တရွာလုံးပေါင်းပြီးပေးရမယ်ပေါ့။ ဖိုးတီတွတ်မှာလည်းအဲ့လိုပဲ။ငွေညစ်တောင်းခံနေရတယ်။ ထင်ရာစိုင်းကိုလုပ်နေတာ” ဟု နွားရေကျော်ကျေးရွာဒေသခံတစ်ဦးကဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယအပတ်ကစပြီးမော်လမြိုင်ကျွန်းမြို့ မြို့ပြင်ကားကွင်းစားသောက်ဆိုင်များတွင် စစ်ကောင်စီလက်အောက်ခံ သတင်းပေးများမှ အသွင်ယူစောင့်ကြည့်မူ နေ့စဉ်ရှိနေသည့်အပြင် မြို့သွားလာ​နေသည့်ဒေသခံဆိုင်ကယ်များအ​ပေါ်ဖမ်းဆီးကာငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်းဒေသခံများထံမှ သိရသည်။

#မော်လမြိုင်ကျွန်းမြို့ #စစ်ကောင်စီတပ် #ဒေသခံများ #ဆန္ဒပြသူများအား #ငွေတောင်းယူ #Ayeyarwaddy_Times