ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၀ ရက်

ကမ္ဘာတစ်ဝန်းတွင် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးဆောင်ရွက်နေရာ မြန်မာနိုင်ငံ တွင်လည်း မြန်နှုန်းမြင့်အင်တာနက်တွင်ကျယ်စွာအသုံးပြုပြီး နိုင်ငံစီးပွားရေး တိုးတက် အောင်ဆောင်ရွက်မည်ဟု ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်နေ့ပြုလုပ်သည့် ဒီဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအစည်းဝေးတွင် စစ်ကောင်စီ၏ ဒုတိယ ဝန်ကြီးချုပ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားခဲ့သည်။

စစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ်က လက်ရှိတွင် ကြိုးစနစ် ဖိုက်ဘာ အင်တာ နက်သုံးစွဲသူ ၁ ဒသမ ၆ သန်းခန့်သာရှိပြီး မိုဘိုင်းဒေတာဖြင့်အင်တာနက်သုံးစွဲသူ ၉၀ ရာခိုင်နှုန်းရှိကြောင်း ဆိုထားသည်။

မြို့ကြီးများတွင်သာမက ကျေးလက်ဒေသအထိမြန်နှုန်းမြင့် ဖိုက်တာအင်တာနက် သုံးစွဲနိုင်ရန်‌ ဆောင်ရွက်သွားမည်ဖြစ်ပြီး လူမှုကွန်ရက်နှင့် ဖျော်ဖြေရေးအဆင့်ထက် ကျော်လွန်ကာစီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးများတွင်အကျိုးရှိစွာ သုံးစွဲနိုင်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

” နယ်တွေမှာ ဖိုင်ဘာ အင်တာနက်က မြို့ပေါ်တွေပဲရတာပေါ့။ ရွာတွေဘယ်ရမလဲ။ တချို့ကလေးတွေဆို မုန့်လေးဘာလေးနဲ့ အင်္ကျီတွေအွန်လိုင်းကရောင်းတာမျိုးရှိတယ်” ဓနုဖြူမြို့တွင် နေထိုင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိဖိုင်ဘာအင်တာနက်သုံးစွဲသူများအနက် မြို့ကြီးများတွင် online shopping လုပ်ငန်းများရှိသဖြင့် သုံးစွဲနိုင်သူများပြားပြီး နယ်မြို့များတွင်မူအိမ်သုံး အနေဖြင့်သာ အသုံး ပြုမှု များပြားကြောင်း သိရသည်။
ဧရာဝတီတိုင်းတွင် Delta Link ၊ ရခိုင်ပြည်နယ်တွင် Arakan Link စသည့် ဒေသအလိုက် အင်တာနက်ဝန်ဆောင်မှုပေးသည့် နက်ဝက်များရှိသော်လည်း လူတိုင်းလွှမ်းခြုံစွာ အသုံး ပြုနိုင်ခြင်း မရှိသေးကြောင်းသိရသည်။

ထို့ပြင် စစ်ကောင်စီ၏ ဒုဝန်ကြီးချုပ်က e – Government ထက်ကျော်လွန်၍ Digital Government ကိုဆက်လက် လုပ်ဆောင်သွားရန်လိုအပ်ပြီး Digital Trade နှင့် e – Commerce ဖြင့် နိုင်ငံစီပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်လုပ်ဆောင်မည်ဟု ဆိုသည်။

စစ်ကောင်စီက အင်တာနက်အသုံးပြုပြီး စီးပွားရေးတိုးတက်အောင် လုပ်ဆောင်ရန် တစ်ဖက်တွင် ပြောကြားနေပြီး အခြားတစ်ဖက်တွင် online shopping လုပ်ငန်းများ မှတ်ပုံ တင်ရမည်ဟု ဥပဒေဖြင့်တင်းကျပ်ထားပြန်သည်။

လာမည့်ခြောက်လအတွင်း အွန်လိုင်းစနစ်ဖြင့်ရောင်းချသူများ မှတ်ပုံတင်ရမည်ဖြစ်ပြီး မလိုက်နာပါက ထောင်ဒဏ် ၃ နှစ် အပြင် ကျပ် ၅သိန်းထက်မပိုသော ငွေဒဏ်ချမှတ် အရေးယူခံရမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်

#မြန်နှုန်းမြင့်အင်တာနက် #ကျေးလက်ဒေသ #တွင်ကျယ်စွာအသုံးပြု #နိုင်ငံစီးပွားရေးတိုးတက် #စစ်ကောင်စီဒုဝန်ကြီးချုပ် #စစ်ဗိုလ်ချုပ် #onlineshopping #Ayeyarwaddy_Times