ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၀ ရက်

ဧရာဝတီတိုင်းတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ၆ လအတွင်း ရိုဟင်ဂျာလူမျိုး ၄၀၀ ကျော်ဖမ်းဆီးခံခဲ့ရကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရသည်။

၎င်းတို့အနက်မှ ၃၀၀ ကျော်မှာ ထောင်ဒဏ် တွေချမှတ်ခံထားရပြီး ကျန်တဲ့သူများအားဖမ်းဆီးထားကြောင်း တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူထံမှသိရှိရသည်။

“ဇွန်လမှာ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမှာမိတဲ့ ၆၂ ဦးကနောက်ဆုံးမိတာ။သူတို့ကို အမိန့် ၅ နှစ်စီချလိုက်ပြီ၊ တိုင်းအတွင်းမှာ အဖမ်းခံရခြင်းမရှိပဲ လွတ်မြောက်သွားတဲ့သူတွေလည်းရှိတယ်။ ဖမ်းမိတဲ့သူအများစုက ဗမာစကား မပြောတတ်ကြဘူး”ဟု တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုင်းရဲတပ်ဖွဲ့ ၏ စာရင်းများအရ ၆လအတွင်း ဧရာဝတီတိုင်းတွင် နယ်မြေ ဖြတ်ကျော် ဝင်ရောက်သောကြောင့် ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာ အမျိုးသမီး၊ အ မျိုးသား ၄၅၇ ဦး အနက် ၃၂၅ ဦးကို စစ်ကောင်စီ၏ သက်ဆိုင်ရာ တရားရုံးများမှ လဝက မှတ်ပုံတင်ဥပဒေပုဒ်မ ၆၃ နှင့်ထောင်ဒဏ်များချမှတ်ခဲ့ကြောင်းသိရှိရသည်။

“ပုဒ်မ ၆၃ က လ၀က အဖွဲ့က တရားစွဲပေမယ့် တစ်ချို့က ၂ နှစ်၊ တစ်ချို့က ၅ နှစ်ချတာ၊ ဒါက မြို့နယ်တရားသူကြီးရဲ့ ဆုံးဖြတ်မှုနဲ့ပဲဆိုင်တယ်။ အသက်မပြည့်သေးတဲ့သူတွေကိုတော့ လူငယ်ထိန်းသိမ်းရေးစခန်းတွေမှာထားတယ်”ဟု ဧရာ၀တီတိုင်းလ၀ကရုံးနှင့်နီးစပ်သူတစ်ဦးမှပြောသည်။

ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများကို ပုသိမ်မြို့နယ်၊ ရေကြည်မြို့နယ်၊ ကြံခင်းမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ ဘိုကလေးမြို့နယ်၊ မြောင်းမြ နှင့် ကျိုက်လတ်မြို့နယ်များတွင်အသီးသီးဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများမှ မလေးရှားနိုင်ငံကိုသွားရမည်ဟုဆိုကာ မြန်မာနိုင်ငံသား ပွဲစားတွေကခေါ်ဆောင်လာခံရသူတွေအများစုဖြစ်ကြောင်းသိရှိရသည်။

ယခင် NLD ပါတီအရပ်သားအစိုးရလက်ထက်တွင် ဧရာဝတီတိုင်းအတွင်း အထောက်အထားမဲ့ ရိုဟင်ဂျာလူမျိုးများ နှစ်စဥ်ဖမ်းမိလေ့ရှိပြီး ၎င်းတို့အား ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်လေ့ရှိသော်လည်း အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် ဖမ်းဆီးခံရသူ များကို ထောင်ဒဏ် ၂ နှစ်ကနေ ၅ နှစ်ထိချမှတ်ခံရကြောင်းသိရှိရသည်။

#ဧရာဝတီတိုင်း #စစ်ကောင်စီတပ် #ရိုဟင်ဂျာ #ရဲတပ်ဖွဲ့ #ဖမ်းဆီးခံရ #Ayeyarwaddy_Times