ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇူလိုင်လ ၂၉ ရက်
ကရင်ပြည်နယ်၊ဘုရားသုံးဆူ အခြေစိုက် ထိုင်း – မြန်မာ နယ်စပ်မျဥ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို မွန်နှင့် တနသ်ာရီ တော်လှန်ရေးပူးပေါင်းတပ်များက မိုးကြိုးစစ်ဆင်ရေးအဖြစ် SF -Z အမျိုးစား လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KBDF) ထံမှသိရသည်။
ဇူလိုင်လ ၂၈ ရက် နံနက် ၇ နာရီခန့်အချိန်က ထိုင်း-မြန်မာနယ်စပ်မျဥ်းပေါ်က မူဂျာထိပ် စခန်းကို တော်လှန်ရေးပူးပေါင်း အဖွဲ့ ၇ ဖွဲ့က ဗုံး ခြောက်လုံး ကြဲချပြီးတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“အခု လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ စစ်ဆင်ရေးက ဒရုန်းကမ်ပိန်းအပြီးဒုတိယအကြိမ်မြောက်စစ်ဆင်ရေးပေါ့။ကျနော်တို့တွေ စစ်ဆင်ရေးကို အရင်ကထက်နည်းပညာတွေကိုအဆင့်မြှင့်ပြီးပြုလုပ်ထားတယ်။စစ်ကောင်စီတပ်ရဲ့ ဂျန်ဘာ(Jumper) စနစ်တွေကိုပါ ချိုးဖောက်ပြီး ဝင်ရောက်နိုင်တဲ့အနေအထားပါ။လက်ရှိအချိန်မှာတော့ လုံခြုံရေးအခြေအနေ
အရ SF -Z လေယာဥ်အမျိုးအစားကို ပြည်သူတွေအရှေ့ကိုမချပြနိုင်သေးပါဘူး။အဲဒါကိုလည်း ပြည်သူတွေနားလည်လိမ့်မယ်လို့ထင်ပါတယ်။ကျနော် တို့တော်လှန်ရေးအဖွဲ့တွေပူးပေါင်းပြီး ဒီထက်ပိုမိုကြိုးစားပြီးလုပ်ဆောင်သွားဖို့ရှိတယ်”ဟု ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KBDF) မှ ပြန်ကြားရေးတာဝန်ခံက
ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ ထိခိုက်မှု အခြေအနေအသေးစိတ်ကို မသိရသေးကြောင်း ၄င်းက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို မွန်ပြည်နယ် နှင့် တနင်္သာရီဒေသအခြေစိုက် တော်လှန်ရေးမဟာမိတ် အင်အားစုများ ဖြစ်သည့် ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KBDF)၊မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ Ye Air Force (YAF)၊ ဒေါနစစ်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – ABSDF (တပ်ရင်း-၁)၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)၊ ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း (T-5)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဇူလိုင်လ ၁၄ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ – ၁၉၊ ခလရ၆၁ နှင့် အမြောက်တပ် – ၃၁၆ တို့ကို တော်လှန်ရေးမဟာမိတ်အင်အားစုများက ပူးပေါင်းပြီး SF-Z လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ဓာတ်ပုံ–ပုံဟောင်း
#ထိုင်းမြန်မာနယ်စပ် #မျဉ်းပေါ်ရှိ #စစ်ကောင်စီတပ် #မူဂျာထိပ်စခန်း #တော်လှန်ရေးပူးပေါင်းအဖွဲ့ #ဗုံးကြဲတိုက်ခိုက်