ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ ဇူလိုင်လ ၂၉ ရက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ၊ မုပ္ပလင်စစ်ဆေးရေးဂိတ်အနီးရှိ စစ်ကောင်စီတပ်စွဲထားသည့်တပ်စခန်းများကို ယမန်နေ့ဇူလိုင်လ ၂၈ ရက်နေ့၊ နေ့လယ် ၁ နာရီဝန်းကျင်က ဝောာ်လှန်းရေးပူးပေါင်းတပ်ဖွဲ့များက အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Kyaikhto Revolution Forceထံက သိရသည်။
မုပ္ပလင်စစ်ဆေးရေးဂိတ်နှင့် အနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းပုန်းဝပ်ရာနေရာ၊ စစ်ဆေးရေးဂိတ်စခန်း၊ လဝကရုံးတို့ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်သား ရှစ်ဦးသေဆုံးပြီး ခုနှစ်ဦးထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“မုပ္ပလင်လမ်းဆုံ စစ်ကောင်စီ စစ်ဆေးရေးဂိတ် အနီးမှာရှိတဲ့ ရန်သူ အခိုင်မာတပ်စွဲထားတဲ့ နေရာတွေကို ၄၀မမတွေ RPG တွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ သတင်းတွေအရ စစ်ကောင်စီတပ်သား ခုနှစ်ယောက်နဲ့အထက် သေဆုံးတယ်လို့ သိရတယ်။ အိမ်စီးကားတွေ အပေါ် ဆွဲတင်နေတာကို မျက်မြင်တွေ့တဲ့သူတွေလည်းရှိတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်မှ ၆၀မမ၊ ၈၁မမ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုအား KNU/KNLA၊ ABSDF၊ Kyaikhto Revolution Force(KRF) တော်လှန်ရေးပူးပေါင်း အဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့ကလည်း မုပ္ပလင်ကျေးရွာအနီးတွင် ကား ခုနှစ်စီးပါစစ်ကောင်စီယာဉ်တန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က လူနေအိမ်များအတွင်းသို့ လက်ပစ်ဗုံးများဖြင့်ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။
ဓာတ်ပုံ – Kyaikhto Revolution Force
#ကျိုက်ထို #မုပ္ပလင်စစ်ဆေးရေးဂိတ် #ပစ်ခတ်ခံရ #လက်နက်ကြီး #Ayeyarwaddy_Times