ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၉ ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဗဟိုကောက်မတီ၏ ကြားကာလ ဒုတိယအကြိမ်အစည်းအဝေးကို ယနေ့ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် အွန်လိုင်းမှတစ်ဆင့်ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို ကြိုးပမ်းဆောက်ရွက်သွားမည့်အကြောင်းကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါအစည်းအဝေးကို သဘာပတိအဖွဲ့ဝင်၊ ဗဟိုကော်မတီဝင်များ၊ အရံဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလုပ်အမှုဆောင်များ၊ ဗဟိုရေးရာကော်မတီများမှ အဖွဲ့ဝင်စုစုပေါင်း ၉၂ ဦးတက်ရောက်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများ၊ အကြံပြုစာတမ်းများဆွေးနွေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
အစည်းအဝေးတွင် စစ်ကောင်စီကအာဏာသိမ်းလိုက်သဖြင့် ပေါ်ပေါက်လာသည့်နိုင်ငံရေးပြသနာများကို ဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အရေးပါဆုံးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်အတွက် ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ကြိုးပမ်းသွားရန် အစည်းအဝေးတက်သူ အားလုံးက ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရာတွင် တိုင်းရင်းသားများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းသားရေးရာကော်မတီကို တိုးချဲ့ဖွဲ့စည်းရန် စသည့်အချက်များအပါအဝင် ဆုံးဖြတ်ချက် ၇ ချက်ကို အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြကြောင်းကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေ ဟု သုံးစွဲထားသည့်အတွက် လူမှုကွန်ယက်တွင် ဝေဖန်မှုအချို့ ရှိနေကြောင်း သိရသည်။