နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၉ ရက်၊

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က နိုင်ငံတော်အာဏာကို အဓမ္မ လုယူခဲ့ပြီး အရေးပေါ်ကာလ (၁) နှစ် ကြေညာခဲ့သည်။ စစ်ခေါင်းဆောင်သည် ၎င်းသိမ်းယူထားသည့် အာဏာသက်တမ်း (၁) နှစ်ပြည့်သည့်အခါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ- ၄၂၅ အရဟုဆိုကာ ခြောက်လ တစ်ကြိမ်အဖြစ် နှစ်ကြိမ် တိုင် သက်တမ်းတိုး ယူခဲ့ပြန်သည်။

စစ်ကောင်စီသည် ထိုသို့ ခြောက်လ နှစ်ကြိမ် သက်တမ်းတိုးပြီးနောက် အာဏာသိမ်း ယူထားသည့် သက်တမ်း ၂ နှစ်ပြည့် ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်နေ့ တွင် “နိုင်ငံဟာသာမန် အခြေအနေမဟုတ်ဘူး” ဆိုတဲ့ အကြောင်းပြချက်ဖြင့် အရေးပေါ်ကာလ သက်တမ်း ခြောက်လ ကို ထပ်မံရယူခဲ့ပြန်သည်။

ထိုသို့ စစ်ကောင်စီ၏ သက်တမ်းကို အရေးပေါ်ကာလ ခြောက် လတစ်ကြိမ် အလီလီ တိုးယူခဲ့ရာ ယခုလ ဇူလိုင်လ ၃၁ ရက်တွင် သက်တမ်းပြည့်မည်ဖြစ်သည်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီသည် လက်ရှိနိုင်ငံရေး အခင်းအကျင်းအရ ရွေးကောက်ပွဲ မကျင်းပနိုင်သော အခြေအနေကို အကြောင်းပြကာ ရွေးကောက်ပွဲကို နောက်ရွှေ့၍ ၎င်းတို့၏ အာဏာ သက်တမ်းကို နောက်ထပ် ခြောက်လ သက်တမ်းတိုးနိုင်ဖွယ်ရှိကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းက ခန့်မှန်းနေကြသည်။

အလားတူ စစ်ခေါင်းဆောင်ကလည်း ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်က နေပြည်တော်၌ ပြုလုပ်သည့် စစ်ကောင်စီ အစည်းအဝေးတွင် အရေးပေါ်အခြေအနေနှင့် ပတ်သက်၍ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို အပြည့်အဝ ဆောင်ရွက်နိုင်ရန် လိုအပ်ချက်များ ရှိနေသေးကြောင်း ဖွင့်ဟဝန်ခံထားသည်။

“သူ့(ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)အနေနဲ့ အရှေ့ ခြောက်လတုန်းက သာမန်အခြေအနေ မဟုတ်ဘူးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ သူတို့(စစ်ကောင်စီ )သက်တမ်း တိုးထားပြီးသားဆိုတော့ အဲ့ဒီအခြေအနေနဲ့ သက်တမ်း ဆက်တိုး နိုင်ခြေလည်း ရှိတယ်။ ဒါမှမဟုတ်လည်း သူတို့အနေနဲ့ ကြားဖြတ်အစိုးရဆိုပြီး ပြောင်းဖွဲ့မလား၊ ဒါမှမဟုတ် စစ်အာဏာ အပြီးသိမ်းမလားဆိုတဲ့ အဲဒါတွေကို သူတို့ လုပ်ချင်ရင် လုပ်လို့ရတယ်။ ဒါကတော့ သူတို့သက်တမ်း ကုန်ပြီးတဲ့အချိန် ဘာလုပ်မယ်ဆိုတဲ့ဟာ ကြေညာလာမှပဲ ကျွန်တော်တို့ သိရမယ့်ကိစ္စပေါ့နော်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းတို့ သက်တမ်းအတွင်း အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ ဆောင်ရွက်ပြီးစီးပါက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရပါတီအား နိုင်ငံတော်အာဏာ လွှဲပြောင်းပေးနိုင်ရေးကို မဖြစ်မနေ အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထပ်လဲလဲ ပြောဆိုထားသည်။

အာဏာသိမ်း စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည်ဟု တရားဝင်ထုတ်ဖော် ပြောဆိုခဲ့သော်လည်း လက်ရှိအချိန်အထိ ရွေးကောက်ပွဲ ကျင်းပနိုင်မည့်အလားအလာ မတွေ့ရှိရပေ။

“နစက(စစ်ကောင်စီ)ရဲ့ သက်တမ်း နောက်ထပ် ခြောက်လ တိုးနိုင်ပါတယ်။ ဘာကြောင့် လည်းဆိုတော့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ လုံခြုံစိတ်ချရတဲ့ အခြေအနေ မရှိသေးလို့ပါ။ ဒါနဲ့ပတ်သက်ပြီး နစကဥက္ကဋ္ဌက စစ်ကိုင်း၊ ချင်းနဲ့ ကယားပြည်နယ်တွေမှာ အခြေအနေတွေ မထိန်းသိမ်းနိုင်သေးကြောင်း အသိအမှတ်ပြု ပြောဆိုသွားပြီး ဖြစ်ပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ)က ဧရာဝတီတိုင်းမ်ကို ပြောသည်။

#ရွေးကောက်ပွဲကျင်းပနိုင်ရန်ခက်ခဲနေသည့်အခြေအနေ

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်က ပြင်ဆင်ပြဌာန်းခဲ့ပြီး ယင်းဥပဒေအရ မှတ်ပုံတင်လျှောက်ထားသည့် ပါတီ ၅၀ ရှိကာ ပါတီတည်ထောင်‌ခွင့် လျှောက်ထားသည့်ပါတီ ၁၃ ခုရှိသည့်အနက် ဇူလိုင်လ ၁၇ ရက်အထိ ပါတီ ၈ ခုကိုသာ ပါတီတည်ထောင်ခွင့် ပြုထားနိုင်သေးကြောင်း သိရသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပါတီမှတ်ပုံတင် ပြန်လည် လျှောက်ထား ခြင်းမရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD နှင့် ရှမ်းတိုင်ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်-SNLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကျော်ကိုလည်း ဖျက်သိမ်းခဲ့ပြီး ပါတီသစ် တည်ထောင်လိုသူများအနေဖြင့် ဆက်လက်လျှောက်ထားနိုင်ကြောင်း UEC က ထုတ်ပြန်ထားသည်။

ထိုဥပဒေသစ်သည် ယခင် ၂၀၁၀ ခုနှစ်၊ မတ်လ ၈ ရက်က စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေထက် ကန့်သက်ချက်များ ပိုမိုများပြားနေသလို စစ်ကောင်စီက ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲကိုလည်း PR စနစ်ဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

“ရွေးကောက်ပွဲကတော့ သူတို့(စစ်ကောင်စီ)ရဲ့ နိုင်ငံရေးအရ ရည်မှန်းချက်ပေါ့နော်။ ၂၀၀၈ အောက်ကနေ ရွေးကောက်ပွဲလုပ်မယ်၊ ပြီးရင်တက်လာတဲ့ အစိုးရကို အာဏာ လွှဲပေးမယ်၊ ၂၀၀၈ အောက်ကနေ ဒီမိုကရေစီဖက်ဒရယ်ကို ဖန်းတီးမယ်ပေါ့နော်။ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်ရေးနိုင်ငံကို တည်ထောင်မယ်ဆိုတဲ့ဟာ။ ဒါကတော့ သူတို့ရဲ့ နိုင်ငံရေးမျှော်လင့်ချက် ဖြစ်တယ်။ အဲဒီမျှော်လင့်ချက်ကတော့ သူတို့ရောက်အောင် သွားမှာပဲ။ ဒါပေမယ့် လက်ရှိအခြေအနေမှာတော့ ရွေးကောက်ပွဲလုပ်ဖို့ မဖြစ်နိုင်ဘူး” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောသည်။

စစ်ကောင်စီကိုတော်လှန်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ PDF ဖွဲ့စည်းတည်ထောင်ခြင်း (၂)နှစ်ပြည့် သတင်းထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် ၂ နှစ်တာအတွင်း ရန်သူ(စစ်ကောင်စီ)ကို အမှည့်ခြွေခြင်း၊ ခြိမ်းခြောက်ခြင်း၊ အနားမပေးခြင်း၊ စိတ်ပိုင်းရုပ်ပိုင်း ဆုတ်လျော့အားပြတ်စေခြင်းတို့ကို ထိရောက်စွာ ပုံဖော်ဆောင်ရွက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ နေရာအနှံ့ အပြားတွင် စိုးမိုးနယ်မြေများစွာ တည်ဆောက်နိုင်ခဲ့ကြောင်း ဆိုထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် -PDF နှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ များ၏ စုပေါင်းစွမ်းဆောင်ရည်ဖြင့် (၂)နှစ်အတွင်း အနည်းဆုံး ရန်သူ့အင်အား (၃)သောင်းခန့်ကို သုတ်သင်နိုင်ခဲ့ပြီး (၁)သောင်းကျော် ကို ထိခိုက်ဒဏ်ရာရရှိစေခဲ့ကာ ရန်သူ့တပ်တွင်ရှိခဲ့သော်လည်း စစ်အာဏာသိမ်းမှုကို လက်မခံသည့် ရဲတပ်ဖွဲ့ဝင်နှင့် တပ်မတော်သား (၁၃၀၀၀)ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့သည်ဟုလည်း NUG က ဆိုသည်။

ယင်းအခြေအနေအောက်တွင် စစ်ကောင်စီက ၎င်းတို့ကျင်းပရန် ရည်ရွယ်ထားသည့် ၂၀၂၃ ခုနှစ်၊ ရွေးကောက်ပွဲအတွက် ပြည်သူတစ်ဦးချင်းစီတိုင်း နိုင်ငံသားစိစစ်ရေးကတ် ရှိမရှိ၊ အိမ်ထောင်စုစာရင်း လဝက ပုံစံ ၆၆/၆ ရှိ၊မရှိ တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံစစ်ဆေး ကောက်ခံခဲ့သော်လည်း လက်ရှိအချိန်အထိ အခြေခံမဲစာရင်း မကြေညာနိုင်သေးပေ။

“မဲစာရင်းကိစ္စတွေ အများကြီးလုပ်ဖို့ ကျန်သေးတယ်။ နောက် အချိန်အားဖြင့် ရော အခြေအနေအားဖြင့်ပါ ကန့်သတ်မှုတွေ ရှိတယ်။ လက်ရှိတိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာတွေမှာ လုံခြုံရေးအားဖြင့် သော်လည်းကောင်း၊ ဒါမှမဟုတ် သာမန်အခြေအနေ မဟုတ်တဲ့ အခြေအနေမျိုး ရှိနေတဲ့အတွက်ကြောင့် သော်လည်းကောင်း အဲဒီ အတွက် ကြောင့်မိုလို့ သူတို့အနေနဲ့ လက်ရှိမှာတော့ ရွေးကောက်ပွဲ လုပ်နိုင်ဦးမှာ မဟုတ်ဘူး။ ဒါပေမယ့် လုပ်ဖို့တော့ သူတို့ ကြိုးစားမှာ သေချာတယ်” ဟု ဒေါက်တာ စိုင်းကြည်ဇင် စိုးက ပြောသည်။

#နိုင်ငံရေးထွက်ပေါက်စစ်ကောင်စီ ပိတ်နေပြီလား

စစ်ကောင်စီသည် မဲမသမာမှု အကြောင်းပြချက်ဖြင့် အာဏာသိမ်းယူခဲ့ပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် ပြင်ဆင်နေသလို နိုင်ငံရေးပါတီများကိုလည်း ပြန်လည်မှတ်ပုံတင်ရန် ကြေညာခဲ့ပြီးနောက် ၎င်းလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်-UEC က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ-USDP ကို ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ပထမဦးဆုံးအဖြစ် ပါတီတည်‌ထောင်ခွင့် မှတ်ပုံတင်ချ‌ပေးခဲ့သည်။

စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်တပ် ကျောထောက်နောက်ခံ USDP ပါတီကို အနိုင်ရရန် စီစဉ်ပြုလုပ်သော ဟန်ပြရွေးကောက်ပွဲဖြစ်သလို ယင်းရွေး ကောက်ပွဲအား ယုံကြည်မှုမရှိကြောင်း ပြည်တွင်းရှိ အင် အားကြီး နိုင်ငံရေးအင်အားစု များအပြင် နိုင်ငံတကာအသိုင်းအဝိုင်းက ထုတ်ပြန်ပြောဆိုထားသည်။

“တတိုင်းပြည်လုံးအနှံ့ လက်နက်ကိုင်ခုခံမှုတွေနဲ့ ရင်ဆိုင်နေရတယ်။ တကမ္ဘာလုံး ကလည်း စစ်ကောင်စီကို နိုင်ငံရေးအရ အသိအမှတ်ပြုပုံမရသေးဘူး။ ဒီအခြေနေ အောက်မှာ စစ်ကောင်စီ သူလုပ်ရမဲ့အလုပ်ကို သူတစိုက်မတ်မတ် လုပ်နေတယ်။ နည်းလမ်းပေါင်းစုံကို စဉ်းစားပြီးတော့ သူတို့ နိုင်ငံရေးထွက်ပေါက်ကို ရှာနေတယ်။ ရွေးကောက်ပွဲကတော့ သူတို့ ကြေညာထားတဲ့ ထွက်ပေါက်ပဲ” ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ-DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၀ ၊ ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲများနှင့် ကြားဖြတ်ရွေးကောက်ပွဲများကို မဲများသူအနိုင်ယူစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သော်လည်း အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အဆိုပါစနစ်အား ပယ်ဖျက်ကာ PR စနစ်ကျင့်သုံး၍ ရွေးကောက်ပွဲ ကျင့်သုံးရန် ပြင်ဆင်လာခြင်း ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် PR စနစ်ဖြင့် ရွေးကောက်ပွဲ ကျင်းပကာ ၎င်းသမ္မတဖြစ်ရေး ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ဒီမိုကရေစီအရေး ကြိုးပမ်းနေသည့် နိုင်ငံရေးအင်အားစုများ က ဝေဖန်ပြောဆိုကြသည်။

“သူရဲ့(စစ်ကောင်စီ) နိုင်ငံရေးထွက်ပေါက်က ရွေးကောက်ပွဲ ကျင်းပမယ်။ လွှတ်တော်ခေါ်မယ်။ အဲဒီကနေ အစိုးရအဖွဲ့ ဖွဲ့စည်းမယ် စသည်အားဖြင့် အဲဒီလို လုပ်ငန်းစဉ်တွေ ချထားတာ။ အဲဒီလုပ်ငန်းစဉ်တွေ မဖြစ်နိုင်တဲ့ အခြေအနေ ရောက်ပြီဆိုရင်တော့ သူရဲ့ နိုင်ငံရေးထွက်ပေါက်က မရှိတော့ဘူးလို့ ပြောရမှာပေါ့ဗျာ။ ဒါပေမယ့် စစ်ရေးထွက်ပေါက်တော့ ရှိနေနိုင်ပါသေးတယ်။ ဆိုလိုတာက စစ်အစိုး ရပုံသဏ္ဌာန်နဲ့ ဆက်အုပ်ချုပ်တာတော့ ဖြစ်လာနိုင်ပါသေးတယ်” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

#အာဏာသက်တမ်းကိုအချိန်ဆွဲပြီးတော်လှန်ရေးချည့်နဲ့ချိန်ကိုစောင့်နေတာလား

စစ်ကောင်စီသည် အာဏာသိမ်း ၂ နှစ်ပြည့်တွင် တိုင်းပြည်က သာမန်အခြေအနေ မဟုတ်ဟုဆိုပြီး ၎င်းတို့၏ အာဏာသက်တမ်းကို ခြောက်လ ထပ်တိုးခဲ့သလို တစ်နိုင်ငံလုံးအတိုင်းအတာ မြို့နယ် ၃၇ မြို့ နယ်ကိုလည်း စစ်အုပ်ချုပ် ရေး ထပ်မံကြေညာခဲ့သည့်အတွက် အာဏာသိမ်းမှုအလွန် စစ်အုပ်ချုပ်ရေး ကြေညာထားသော မြို့နယ်ပေါင်း ၄၇ မြို့နယ်ထိ ရှိလာခဲ့သည်။

စစ်ရေးအပါအဝင် ဘက်ပေါင်းစုံ ရှုံးနိမ့်လာသည့် စစ်ကောင်စီသည် ၎င်းတို့လုပ်နေကျ အတိုင်း အချိန်စွဲခြင်း၊ အာရုံလွဲခြင်းအပြင် တော်လှန်ရေးအင်အားစုများအကြား စိတ်ဝမ်းကွဲမှု၊ ညီညွတ်ရေး ပြိုကွဲမှုများ ဖြစ်လာအောင်လည်း ပုံစံမျိုးစုံနှင့် လုပ်ဆောင်လျက်ရှိသည်။

တော်လှန်ရေးအင်အားစုများ ချည့်နဲ့ရန်ဆိုခြင်းထက် မည်သည့်အပေါက်ကထွက်လျှင် အသင့်တော်ဆုံးဖြစ်မည်ကို စစ်ကောင်စီအနေဖြင့် အချိန်ယူစဉ်းစား ပြင်ဆင်နေ ခြင်းဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်လည်း အကျပ်အတည်းထဲတွင် ရှိနေကြောင်း လူ့ဘောင်သစ်ဒိမိုကရက်တစ်ပါတီ (DPNS) ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။

“ရွေးကောက်ပွဲမဖြစ်အောင် လုပ်ရမယ်။ အမျိုးသားညီလာခံဆိုပြီးတော့ ဦးလှည့်လာ ပြန်ရင်လည်း အဲ့တာကို ရအောင်ပိတ်ရမယ်။ အာဆီယံမူ ၅ ချက်ကနေ ပြေးနိုင်အောင် ကြိုးစားရင်လည်း ပိတ်နိုင်ဆို့နိုင်အောင် ကြိုးစားရမယ်။ ကျွန်တော်တို့ တိုင်းပြည်တွင်းမှာ နိုင်ငံရေးအင်အားစုတွေ၊ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်စစ်မှန်မှန် နိုင်ငံရေးတွေ့ကြုံ ဆွေးနွေးပွဲတွေကတဆင့် ကျွန်တော်တို့ တိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု လမ်းကြောင်း ပေါ်ကိုရောက်အောင် ကြိုးစားကြရလိမ့်မယ်” ဟု ဦးအောင်မိုးဇော်က ဆိုသည်။

လက်ရှိအချိန်တွင် အာဏာသိမ်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား လက်နက်ကိုင်ယှဉ်ပြိုင်၍ အပြုတ်တိုက်ရေးကို နှစ်ဘက်စလုံးက ဦးတည်နေကြပြီး ထိုအခြေအနေအောက်တွင် အသာစီးရရန်အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးလာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ)က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

“ထိုင်းတို့၊ တရုတ်တို့၊ အိန္ဒိယတို့နဲ့ အခုနောက်ဆုံး စင်္ကာပူက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးညှိနှိုင်းအဖြေရှာတာကို တကယ့်ရိုးသားတဲ့စိတ်နဲ့ ထောက်ခံကူညီနေကြတယ်လို့ မြင်ပါတယ်။ နစက(စစ်ကောင်စီ)ရဲ့ သဘော ထားအမှန်ကိုတော့ မသိရသေးပါ။ တကယ့် ပြေလည်ရေးကို လိုချင်တဲ့စိတ်ရှိလား။ ဒါမှမဟုတ် ပရိယာယ်သက်သက်ဘဲလား မရှင်းသေးပါ။ အာဆီယံ ဘုံသဘောတူချက်ကလည်း အလုပ်မဖြစ်ပါ။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးရဲ့ ဆောင်ရွက်ချက်က ထိုင်းဘက်ကရော၊ နစကဘက်ကပါ လိုလိုလားလား ရှိတယ်ဆိုရင် အလားအလာရှိပါတယ်။ နှစ်ဘက်လုံးက စိတ်ဝင်တစားရှိပါမှ ရှေ့ဆက် နိုင်မှာပါ။ အထူးသဖြင့်က နစက ဖက်ကပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နေပြည်တော်အချုပ်ထောင်တွင် မတရားဖမ်းဆီးထောင်ချထားသည့် နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ် ပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ် ချုပ်ကြီး ရာပြည့်နှင့် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့က ၂၀၂၃ ခုနှစ်၊ မေလ ၂၇ ရက်တွင် တစ်ကြိမ်၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၄ ရက်တွင် တစ်ကြိမ် သွားရောက်တွေ့ဆုံခဲ့ကြောင်း ဧရာဝတီတိုင်းမ် သတင်းဌာနမှ စုံစမ်း သိရှိရသည်။

ထို့အပြင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွတ် ဝီနိုင်းက နေပြည်တော်၌ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကြောင်း ပြောဆိုခဲ့သလို ထိုအရာသည် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဖြင့် ဆန့်ကျင်နေကြောင်း ဇူလိုင်လ ၁၄ ရက်တွင် NLD ပါတီက သတင်းထုတ်ပြန်ထားသည်။

“အခုလက်ရှိသွားနေတဲ့ အနေအထားအရက တစ်ဖက်နဲ့တစ်ဖက် အလုံးစုံပျက်သုဉ်း ရေးကို မူတည်နေတဲ့ အတွက်ကြောင့်မို့လို့ ဒီအချိန်မှာတော့ အဲလိုမျိုးရှိနေတဲ့ တော်လှန် ရေး အင်အားစုတွေ အကုန်လုံးကို ရှင်းလိုက်ဖို့ဆိုတဲ့ဟာ မဖြစ်နိုင်သလို ဒီဖက်က စစ်ကောင်စီနဲ့ ပတ်သက်သမျှလူ အကုန်လုံးကို ရှင်းဖို့ဆိုတာလည်း မဖြစ် နိုင်သေးဘူး။ အဲဒီတော့ ပါဝင်နေတဲ့ နိုင်ငံရေးအစုအဖွဲ့ပေါ့နော်။ စစ်ကောင်စီ အပါအဝင် ဒီဖက်က တော်လှန်နေကြတဲ့ အစုအဖွဲ့တွေ သူတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ၊ တကယ်ဖြစ်နိုင်တဲ့ ရည်မှန်းချက်မျိုး ဖြစ်လာတယ်ဆိုရင်တော့ အဲဒါဆိုရင်တော့ အပြောင်းအလဲတွေ ရှိနိုင်တယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဆိုသည်။

မကြာမီကာလတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင်၏ အာဏာသက်တမ်းတိုး ခြောက်လ ကုန်တော့မည်ဖြစ်သည်။ အာဏာသက်တမ်းတိုး ကုန်ခါနီးတွင် စစ်ကောင်စီဘက်မှ သတင်းမျိုးစုံ နည်းမျိုးစုံဖြင့် ဝါဒဖြန့်ချိမှုများ လုပ်ဆောင်နေသည်။

“နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ၏ ဒုဝန်ကြီးရာထူး အဆင့်ရှိသည့် သူတစ်ဦး၏ နေအိမ်သို့ ရွှေ့ပြောင်းထားသည်” “ဝန်ကြိးချုပ် ဒေါက်တာဇော်မြင့်မောင်ကို နေအိမ်အကျယ်ချုပ် ထားရှိရန် ညှိနှိုင်းနေသည်” စသည့် အတည်မပြုနိုင် သည့် သတင်းများထွက်ပေါ်လျှက်ရှိသည်။

ထို့ပြင် စစ်ခေါင်းဆောင်ကို ခြောက်လတစ်ကြိမ် အာဏာသက်တမ်း တိုးပေးရန်နှင့် ဟန်ပြအဖြစ်သာ တာဝန်ရှိသည့် “ယာယီသမ္မတ ဦးမြင့်ဆွေက ယခင် သမ္မတဟောင်း ဦးသိန်းစိန်ကို အာဏာလွှဲပေးထားသည်” “နေပြည်တော်တွင် စစ်ကောင်စီ အသိုက်အဝန်း အတွင်း ပဋိပက္ခကြီးကြီးမားမား တစ်ခုဖြစ်ပေါ်နေသည်” စသည့် အကြောင်းအရာ များသည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသက်တမ်တိုး ခြောက်လကုန်ခါနီးတွင် ပေါ်ထွက်လာသည့် ကောလာဟလ သတင်းများလည်း ရှိနေသေးသည်။

လက်ရှိတွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကျင်းပရန် အလားအလာမရှိသည်မှာ သေချာသလောက်ရှိနေသည်မို့ စစ်ကောင်စီဘက်မှ ဖြန့်ချိလာသည် အဆိုပါ သတင်း များနှင့် အတူ စစ်ခေါင်းဆောင်၏ အာဏာသက်တမ်း အရွှေ့ကိုသာ ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။

#စစ်ခေါင်းဆောင် #အာဏာသက်တမ်းအရွေ့ #ရွေးကောက်ပွဲအလားအလာ #သတင်းဆောင်းပါး #Ayeyarwaddy_Times