ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၉ ရက်
ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်တွင် ဇူလိုင်လ ဒုတိယပတ်အတွင်း လူငယ်အမျိုးသား ၆ ဦးဖမ်းဆီးခံခဲ့ရကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရသည်။
မြို့ပေါ်ရပ်ကွက်များတွင်နေထိုင်သည့် လူငယ် ၆ ဦးကို တော်လှန်ရေးအင်အားစု များနှင့်အဆက်သွယ်ရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်က စွပ်စွဲဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများမှ ပြောသည်။
” ခုက ဖမ်းပြီးတော့ ရဲဆီလာအမှုဖွင့်ခိုင်းထားပဲ၊ ပြီးခဲ့အပတ်ကလည်း ၆ ဦးဖမ်းလာတာရှိတယ်”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
စစ်ကောင်စီတပ်၏ စွပ်စွဲဖမ်းဆီးခံရသည့် လူငယ် ၆ ဦးကို ရဲတပ်ဖွဲ့က အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေများဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လအတွင်း ဇလွန်မြို့နယ်တွင် စစ်ကောင်စီတပ်၏ စွပ်စွဲဖမ်းဆီးခံရသူ ၃၀ ဝန်းကျင်ရှိကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရသည်။
#ဇလွန်မြို့နယ် #စစ်ကောင်စီတပ် #လူငယ်များ #စွပ်စွဲဖမ်းဆီး ##Ayeyarwaddy_Times