ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇူလိုင်လ ၂၉ ရက်

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ကံပေါက်ဒေသ၊ဇာဒီကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ်ဖမ်းဆီး ထားသော ဒေသခံရွာသား ၄၈ ဦးအထိရှိလာပြီဖြစ်ကြောင်း ဒေသခံအချို့ထံမှသိရသည်။

စစ်ကောင်စီတပ်သားများသည် ဇာဒီကျေးရွာသို့ အင်အား ၁၅၀ ဝန်းကျင်ခန့်ဖြင့် ဇူလိုင်လ ၂၇ ရက် နံနက် ၅ နာရီခန့်အချိန်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဇာဒီကျေးရွာသို့ရောက်ရှိလာသော စစ်ကောင်စီတပ်သားများသည် တပ်ဖြန့်ကာ ခြေလျင်စစ်ကြောင်းဖြင့် ခေါင်ပြန်ရွာ၊ဒိုက်တဂေါ် ရွာများသို့ စစ်ကြောင်းချီတက်ကာ ဒေသခံရွာသားများကို ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာကြောင်း ဒေသခံများထံက သိရသည်။

” သုံး ရက်အတွင်း မှာ စစ်တပ်က လူသားဒိုင်းကာအဖြစ်ဖမ်းထားတာ ၄၈ ယောက်ရှိပြီ။စစ်တပ်က ရွာထဲကို ရောက်လာတာနဲ့ လမ်းမှာတွေ့တဲ့သူကို အကုန်ဖမ်းပါတယ်။ လူကြီး လူငယ် ကျားမ မရွေး အကုန်ကိုဖမ်းတော့တာပါပဲ။ ကံပေါက်က စျေးလာရောင်းတဲ့စျေးသည်တွေလည်းလမ်းမှာအဖမ်းခံရတယ်ပေါ့။အဖမ်းခံရတဲ့ သူတွေက အသက် ၁၈ နှစ် မှ ၆၀ ကျော် အတွင်းရှိ အပြစ်မဲ့ ဒေသခံရွာသားတွေပဲ့ဖြစ်တယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အခု အဖမ်းခံထားရတဲ့ ဒေသခံရွာသားများမှာ ခေါင်ပြန်ရွာ၊ဒိုက်တဂေါ်ရွာ၊ခရင်းချောင်းရွာ၊ထွက်ဝရွာ များမှ ဖြစ်ပြီး လက်ရှိအချိန်အထိ တစ်ဦးမှပြန်လွတ်မလာသေးကြောင်း သိရသည်။

ဖမ်းဆီးခံထားရသည့် ဒေသခံရွာသားများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာတွင် လူသားဒိုင်းကာအဖြစ် အရှေ့အနောက်ကြားညှပ်ထားကာ စစ်ကြောင်းထိုးရာတွင် အသုံးပြုနေကြောင်းသိရသည်။ ထိုအပြင်ဒေသခံရွာသားများကိုလည်း စစ်တပ်ယူနီဖောင်းဝတ်စုံများပေးဝတ်ကာ လက်နက်ခဲယမ်းများကိုပါ သယ်ယူခိုင်းနေကြောင်း ဒေသခံများကပြောသည်။

” စစ်တပ်က အခုထွက်ဝရွာကိုရောက်နေတယ်။ရွာထဲက စျေးဆိုင် နှစ်ဆိုင်ကို ရိုက်နှက်ဖျက်ဆီးပြီး သူတို့လိုချင်တဲ့ပစ္စည်းတွေကို အကုန်ခိုးယူသွားတယ်။ဆိုင်တွေက ကုန်စုံဆိုင်တွေလေ။ကာလတန်ဖိုး ဘယ်လောက်ပါသွားလဲဆိုတာကိုတော့မသိရသေးဘူး” ဟု ထွက်ဝရွာဒေသခံတစ်ဦးကပြောသည်။

ဇာဒီကျေးရွာအုပ်စုကို စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်တွင် မောရဝတီရေတပ် နှင့် ခလရ ၂၇၃ တို့ ပါဝင် ပြီး လက်ရှိအချိန်တွင် နှစ်ဖက်စစ်ရေးတင်းမာနေကြောင်းသိရသည်။

#ရေဖြူ #ဇာဒီကျေးရွာ #ဒေသခံ၄၈ဦး #လူသားဒိုင်း #စစ်ကောင်စီက #ဖမ်းဆီး #ပြည်သူပိုင်ပစ္စည်းများ #ဖျက်ဆီးခိုးယူ
#Ayeyarwaddy_Times