ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၉ ရက်
စစ်ကောင်စီ အာဏာသိမ်းထားစဉ် ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဝင်ရောက်လာသည့် ကုန် ပစ္စည်းများကိုဖမ်းဆီးရာတွင် တရားမဝင်ကုန်သွယ်မှု ၁၀ ဆ ကျော်မြင့်တက်လာကြောင်းသတင်းရရှိသည်။
စစ်ကောင်စီအာဏာသိမ်းထားသည့် ၂၀၂၂ ခုနှစ် ဇွန်လမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၇,၀၁၁ မှုအထိရှိခဲ့ပြီး ၂၀၁၉ ခုနှစ် အရပ်သားအစိုးရ NLD လက်ထက်တွင် အမှုတွဲ ၆၆၉ မှုသာရှိသဖြင့် တရားမဝင်ကုန်သွယ်မှု ၁၀ ဆ ကျော်မြင့် တက်လာခြင်းဖြစ်ကြောင်းသိရသည်။
ကွာခြားချက်အနေဖြင့် စစ်ကောင်စီအာဏာသိမ်းထားသည့် ၂၀၂၃ ခုနှစ်တွင် တရားမဝင် ကုန်သွယ်မှုတန်ဖိုးအနေဖြင့် ကျပ် ၁၂၇ ဒသမ ၀၅၄ ဘီလီယံရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁ ဒသမ ၈၂၈ ဘီလီယံသာရှိကြောင်းသိရသည်။
၂၀၂၂ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် ဧပြီလအထိ မြန်မာ – ထိုင်းနှစ်နိုင်ငံကုန်သွယ်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၃၂ ဘီလီယံဖြစ်ပြီး သွင်ကုန်တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၂၉၃ ဘီလီယံရှိ၍ ကွာခြားချက်အနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဘီယံကျော်သည် တရားမဝင် ကုန်သွယ်မှုဖြစ်ကြောင်း အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။
“တရားမတင်ကုန်သွယ်ဖြစ်ပေါ်စေတာက အစိုးရရဲ့ မူဝါဒ၊ ရောင်းလိုအားနဲ့ဝယ်လိုအား၊ ပွင့်လင်းမြင်သာမှုနဲ့ကုန်သွယ်မှု အကောက်အခွန်လုပ်ငန်းစတဲ့ အခြေခံအချက်တွေအပြင် နိုင်ငံအတွင်းလုံခြုံရေးအရလိုအပ်ချက်ရှိနေတဲ့နယ်စပ်ဒေသတွေရှိနေတယ် ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
တရားမဝင်ကုန်သွယ်မှုမှ ဖမ်းဆီးရမိသည့် ပစ္စည်းများတွင် သစ်မျိုးစုံအပါအဝင်ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းများ၊ အလှကုန်၊ လူသုံးကုန်၊စားသောက်ကုန်၊ တိရစ္ဆာန်ဆေးဝါး များနှင့် လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများဝင်ကြောင်းသိရသည်။
တရားမဝင်ကုန်ပစ္စည်းများကို ကုန်လှောင်ရုံများနှင့် ဈေးကွက်များအထိ ဝင်ရောက် စစ်ဆေးအရေးယူနိုင်ရန်ဆောင်ရွက်ခြင်း၊ ကုန်သည်အချင်းချင်းသိရှိပါက အသိပေး အကြောင်းကြားရန်လိုအပ်ကြောင်း ဒုစစ်ခေါင်းဆောင်က ဆိုသည်။
မှောင်ခိုစီးပွားရေး လုပ်ငန်းများပြားလာခြင်းမှာ စစ်ကောင်စီ၏ နိုင်ငံခြားငွေလဲနှုန်း ထိန်းချုပ်ခြင်း၊ လုပ်ငန်းလိုင်စင်ချပေးမှု ကြန့်ကြာခြင်းအပါအဝင် အထွေထွေအကျပ် အတည်းများကြောင့် ဖြစ်ကြောင်း ကုန်ပစ္စည်းတင်သွင်းသူ တစ်ဦးထံက သိရသည်။
ဓာတ်ပုံ – DOCA
#အာဏာသိမ်းစစ်ကောင်စီ #တရားမဝင်ကုန်သွယ်မှု #ဆယ်ဆကျော်မြင့်တက် #Ayeyarwaddy_Times