ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇူလိုင်လ ၂၈ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ စိုက်ပျိုးရေး သိပ္ပံကျောင်းရှိ ကျောင်းအုပ်ဆရာမ ကြီးအပါဝင် ခုနှစ်ဦးကို လွတ်မြောက် နယ်မြေသို့ ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)က ယမန်နေ့ ဇူလိုင်လ ၂၇ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက် မွန်းလွဲ ၁နာရီ၃၀မိနစ်ခန့်က ထားဝယ်-မောင်းမကန် သွားလမ်းပိုင်း လောင်းလုံးမြို့နယ် တောရှည်ရွာရှိ စစ်ကောင်စီ၏ စိုက်ပျိုးရေးသိပ္ပံ(ထားဝယ်)ကို ဆက်လက်ဖွင့်လှစ် ထားသဖြင့် ဆွေးနွေးရန်သွားရောက်ခဲ့ကြောင်းသိရသည်။
ကျောင်းအုပ်ကြီးနှင့် ဆွေးနွေးခဲ့ပြီးနောက်ဆွေးနွေးမှုရရှိကာ ကျောင်းသား/ ကျောင်းသူများမှလည်း သူတို့၏ ဆန္ဒသဘောအတိုင်း စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ကျောင်းဝင်းအတွင်း ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း LLPDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင်မြင့်ခင်နှင့် သားဖြစ်သူ မောင်အောင် ဟိန်းခန့်၊ ဒုတိယကျောင်းအုပ်ကြီး ဦးခင်မောင်ထွေး၊ လက်ထောက်ကထိက ဒေါ်သန္တာအေး၊ လက်ထောက် ကထိကဦးနိုင်ဝင်း၊ ကွင်းဆင်းလက်ထောက် ဦးနေဆန်းနှင့် နော်ဖြူဖြူသန့် တို့အား လုံခြုံသောနေရာသို့ ပို့ဆောင်ပေးရန်အတွက် ကောင်းမွန်စွာ ခေါ်ယူခဲ့ကြောင်း သိရသည်။
ထိုသို့ပို့ဆောင်ရန် စီစဉ်နေချိန်တွင် စစ်ကောင်စီတပ်မှ သာလွန်အင်အားဖြင့် စစ်ကြောင်း ထိုးဝင်ရောက်လာ၍ နေရပ်ပြန်မည့်ဆရာ/ဆရာမများကို ပို့ဆောင်ရေးအတွက် ခရီးနောက်ကျခဲ့ပြီး ယခုအချိန်တွင်မှု လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း LLPDF ထံက သိရသည်။
LLPDF အနေဖြင့် ကျောင်းဝင်းအတွင်းသို့ဝင်ရောက်ချိန်တွင် ကျောင်းသား/ ကျောင်းသူ ၆၀ ဦး ထွက်ပြေးသဖြင့် ထွက်မပြေးရန် လိုက်လံတားမြစ်၍ တုတ်ဖြင့် နှစ်ချက်စီ ရိုက်နှက် အပြစ်ပေးခဲ့ပြီး ထွက်ပြေးရာတွင် ကျောင်းသူတစ်ဦး၏ လက်စွပ်တစ်ကွင်း ပျောက်ဆုံးခဲ့ကြောင်းသိရသည်။
LLPDF ရဲဘော်များသည် ပြန်လည်မထွက်ခွာမီ ၎င်းတို့အားလုံးတွင်ပါလာသော ငွေများစုဆောင်း၍ ကျပ်ငွေ ၂၅၉,၀၀၀ (နှစ်သိန်းငါးသောင်းကိုထောင်) ကျပ်ကို လက်စွပ်ပျောက်ဆုံးသွားသည့် ကျောင်းသူအား ပေးအပ်ခဲ့ပြီး ဆရာ/ဆရာမများနှင့် အတူတူ ပြန်လာဆုတ်ခွာခဲ့ကြောင်း သိရသည်။
အဆိုပါဒေသတဝိုက်တွင် စစ်ရေးအရှိန် ပြင်းထန်တင်းမာနေပြီး စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုနှင့် ထိပ်တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေသောကြောင့် လောင်းလုံး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်အနေဖြင့် ယခု (တစ်ပတ်အကြာ) တွင်မှ ထုတ်ပြန် နိုင်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူ ထံက သိရသည်။
#ထားဝယ်စိုက်ပျိုးရေ;သိပ္ပံကျောင်း #ကျောင်းအုပ်ကြီးအပါ၇ဦး #လွတ်မြောက်နယ်မြေ #LLPDF #Ayeyarwaddy_Times