ဧရာဝတီတိုင်းမ်
(ဖြူး)၊ ဇူလိုင်လ ၂၈ ရက်

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် စခန်းများကို KNLA၊ ယမန်နေ့ ဇူလိုင်လ ၂၇ရက်နေ့တွင် ရိုးမစစ်ကြောင်း(၂) ပူးပေါင်းတပ်ဖွဲ့များက သုံးကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်ရှိ အုတ်ဖြတ်စစ်‌တောင်းမြစ်ကူးတံတား၊ အုတ်ဖြတ်မှ ဖြူးဘက်သို့ သွားရာ ဘက်ခြမ်းဂိတ်ရှိ စစ်ကောင်စီတပ်သားများကို ၆၀မမဒရုန်း ဗုံးသီးများဖြင့် သွားရောက် တိုက်ခိုက်ခဲ့ပြီး စနိုက်ပါဖြင့်လည်း ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ တပ်သား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ရန်သူ(စစ်ကောင်စီတပ်)ဘက်ကနေ ၄၀-မမ လက်နက်ကြီး အပါအဝင် လက်နက်ကြီး ငါးလုံး၊ လက်နက်ငယ် အမြောက်အများနဲ့ပြန်လည်ပစ်ခတ်ခဲ့တယ်။ မိတ္ထီလာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ တပ်တွေကိုတိုက်ခိုက်ခဲ့ရာမှာတော့ တပ်သား နှစ်ဦးသေတယ်လို့ ကြားရတယ်။ သေချာတော့အတည်မပြုနိုင်ဘူး” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဇူလိုင် ၂၇ ရက်နေ့ နေ့လယ်ပိုင်းတွင်ပင် စစ်ကောင်စီက တပ်စွဲထားသည်မှာ မကြာသေးသည့် မိတ္ထီလာစုရွာရှိ မိတ္ထီလာ ဘုန်းကြီးကျောင်းရှိ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ တပ်သားနှစ်ဦးသေဆုံးနိုင်ကြောင်း သိရသည်။

ဖြူးတွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့ကလည်း အုတ်ဖြတ်စစ်တောင်းမြစ် ကူးတံတား ကိုလုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတံတားစောင့်တပ်သားများကို စနိုက်ပါဖြင့် သွားရောက် ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – အထူးကွန်မန်ဒိုတပ်ရင်း-တောင်ပိုင်းတိုင်း(ပုံအဟောင်းကိုအသုံးပြုထားသည်)

#ဖြူး #အုတ်ဖြတ်တံတား #မိတ္ထီလာစုရွာ #စနိုက်ပါ #ဒရုန်း #စစ်ကောင်စီတပ်သား၃ဦးသေ #Ayeyarwaddy_Times