ဧရာဝတီတိုင်းမ်
မြန်အောင် ၊ ဇူလိုင် ၂၈ ရက်

ဧရာဝတီတိုင်း မြန်အောင်မြို့နယ်တွင် အဘိုးအိုတစ်ဦးအပါအဝင် ဒေသခံ လေးဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

မြန်အောင်မြို့နယ် ဘန့်ဘွေးကုန်းကျေးရွာမှ ဒေသခံအမျိုးသမီး တစ်ဦးနှင့် အသက်၃၀ နှစ်ဝန်းကျင်ရှိ အမျိုးသားနှစ်ဦးတို့ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်တွင်ည က ကျေးရွာအတွင်းသို့ဝင်ရောက်ကာအကြောင်းမဲ့ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

” ညပိုင်းဧည့်စာရင်းစစ်မယ်ဆိုပြီးတော့ အိမ်ကအမျိုးသားကိုဖမ်းခေါ်သွားတယ်။ တောင်ပေါ်မှာစျေးရောင်းနေတဲ့အမတစ်ယောက်လည်းအဖမ်းခံရတယ်။ ကုန်စုံဆိုင်ဖွင့်ထားတဲ့ အသိကောင်လေးတစ်ယောက်ကိုပါဖမ်းသွားတာ။ ဘယ်ကိုခေါ်သွားလဲမသိရသေးဘူး” ဟု ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင်ဇူလိုင်လ ၂၄ ရက်နေ့ကလည်း ဘန်ဘွေးကုန်း အောက်ကျင်းရပ်ရှိအသက်၇၀ နှစ်ကျော်အရွယ်အဘိုးအိုတစ်ဦးကိုလည်းစစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခဲ့
ကြောင်းဒေသခံများကပြောသည်။

” မနေ့နေ့လည်က အဘိုးအိုတစ်ယောက်ထပ်အဖမ်းခံရတယ်။ ဘာကြောင့် လာဖမ်းနေလဲဆိုတာတော့မသိရဘူး။ ရွာမှာအခု အဖမ်းခံရတာ လေူဦးရှိနေပြီ။ ရွာထဲစစ်တပ်တွေလာမှာကြောက်လို့မြို့ထဲသွားရှောင်တဲ့သူကရှောင်နေကြတယ်” ဟု ဘန့်ဘွေးကုန်းရွာသား တစ်ယောက်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြန်အောင်မြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်က ရခိုင်ရိုးမနှင့်ထိစပ်နေသည့်တောများအတွင်းသို့ စစ်ကောင်စီတပ်မှအင်အား၃၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့စဥ်တော်လှန်ရေးအဖွဲ့ PDF စခန်းငယ်တစ်ခုကိုလက်နက်နှင့်ဆက်စပ်ပစ္စည်းများနှင့် သိမ်းဆည်းရမိခဲ့ကြောင်းစစ်ကောင်စီ၏ဝါဒဖြန့်လော်ဘီချန်နယ်အတွင်းဖော်ပြခဲ့သည်။

အဆိုပါစခန်းငယ်သိမ်းဆည်းမှုနှင့်ဆက်စပ်ကာဒေသခံအချို့ကို စစ်ကောင်စီတပ်မှအကြောင်းမဲ့ဖမ်းဆီးနေခြင်းဖြစ်ကြောင်းဧရာဝတီတိုင်း တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးကပြောဆိုသည်။

” အခုအဖမ်းခံရတာတွေက သာမန်အရပ်သားတွေ။ တော်လှန်ရေးနဲ့ဆက်စပ်တဲ့သူတွေတစ်ယောက်မှမဟုတ်ဘူး။အကြောင်းမဲ့လိုက်ဖမ်းနေတာ။ မြန်အောင်နဲ့ကြံခင်းမှာ တော်လှန်ရေးအဖွဲ့ စခန်းတွေအခုရက်ပိုင်းထဲအသိမ်းခံရတာနဲ့ဆက်ပြီးလိုက်ဆွဲဖမ်းနေတာလို့ယူဆပါတယ်။ပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်တွေနဲ့အတတ်နိုင်ဆုံးရှောင်ကြဥ်ကြဖို့ အသိပေးလိုပါတယ်”ဟုတော်လှန်ရေးရဲဘော်တစ်ဥဦးကပြောသည်။

မြန်အောင်မြို့နယ်အတွင်း ရခိုင်ရိုးမနှင့်ဆက်စပ်တည်ရှိနေသည့် တောင်နီ၊မြင်ဝါးတောင်နှင့်ပန်းထောင်တောင်နေရာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှု မကြာခဏ ပြုလုပ်နေကြောင်းနှင့် အဆိုပါ စစ်ကြောင်းထိုးမှုနှင့် ဆက်စပ်ပြီး ဒေသခံ (၁၀)ဦးထက်မနည်း ဖမ်းဆီးခံထားရသည်။

#မြန်အောင်တွင် #အဘိုးအိုတစ်ဦး #ဒေသခံ၄ဦးကို #စစ်ကောင်စီက #အကြောင်းမဲ့ဖမ်းဆီး #Ayeyarwaddy_Times