ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ဇူလိုင်လ ၂၈ ရက်
တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊အလယ်စခန်းရွာအနီးသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်များအကြား ၆ ရက်ကြာတိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀၀ နီးပါး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဇူလိူင်လ ၁၉ ရက်နေ့ တွင် စစ်ကောင်စီတပ်ဘက်မှ ခမရ-၄၀၇၊ခမရ-၄၀၈၊ခလရ-၁၀၄၊ခလရ-၂၈၂ တို့မှ ခန့်မှန်းအင်အား ၃၀၀ ကျော်ဖြင့် စစ်ကြောင်း လေးကြောင်းခွဲ၍ ထိုးစစ်ဆင်လာသည့် အတွက် ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ခြင်း ဖြစ်ကြောင်း YGF တပ်ဖွဲ့ထံက သိရသည်။
“သူတို့က ဇူလိုင် ၁၈ ရက် ပထမအကြိမ်တိုက်ပွဲတုန်းကအထိနာသွားတယ်။ဒါကြောင့် ဒုတိယအကြိမ် အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်း လေးကြောင်းခွဲပြီးထပ်မံထိုးစစ်ဆင်လာတယ်။ကျနော်တို့ ပူးပေါင်းတပ်တွေဘက်က ဟန်ချက်ညီညီနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖက်က ထိခိုက်သေဆုံးမှုများပြားခဲ့တယ်”ဟု ရေးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ တိုက်ပွဲတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး၊လက်နက်ငယ်များအပြင် ပေါက်ကွဲအားပြင်းသည့် မိုင်းများကို အသုံးပြုပြီး တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်သား ၁၀၀ နီးပါးသေဆုံးသွားပြီး အများအပြားဒဏ်ရရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုကို KNLA တပ်ရင်း ၂၇နှင့် YGF-ရေးပြောက်ကျားတပ်ဖွဲ့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တော်လှန်ရေးအင်အားစုများ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။
ဇူလိုင် ၁၈ ရက်နေ့ကလည်း အလယ်စခန်းရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား ၄ နာရီကြာ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၅ ဦး သေဆုံးခဲ့သည်ဟု ရေးပြောက်ကျားအဖွဲ့ကထုတ်ပြန်ထားသည်။
တိုက်ပွဲဖြစ်ပွါးခဲ့သည့် အလယ်စခန်းကျေးရွာသည် ရေး – ထားဝယ် ကားလမ်းမပေါ်တွင်တည်ရှိပြီး မလွှဲတောင်စစ်ဆေးရေးဂိတ်မှ လေးမိုင်ခန့် အကွာတွင် ရှိသည်။
ဓာတ်ပုံ ၊ YGF
#ရေဖြူအလယ်စခန်းရွာ #၆ရက်ကြာ #နှစ်ဖက်တိုက်ပွဲ #စစ်ကောင်စီတပ်သား #၁၀၀နီးပါးသေဆုံးဟုဆို
#Ayeyarwaddy_Times