ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၈ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်တွင် စစ်ကောင်စီတပ်မှ ကုန်းကြောင်း၊ ရေကြောင်းဖြင့် လုံခြုံရေးအထပ်ထပ် ဖြင့် စစ်ဆေးနေသော်လည်း ခိုးဆိုးလုယက်မှုများဆက်တိုက်ဖြစ်ပေါ်နေကြောင်း ဒေသခံများထံကသိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်မှစပြီး ဟင်္သါတမြို့အတွင်း၌ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့မှ မြို့တွင်းနေရာအနှံ့ စစ်ကားနှင့်ဆိုင်ကယ်များအသုံးပြုကာ ကင်းလှည့်နေသည့်အပြင် ဧရာဝတီမြစ်ကြောင်းတလျှောက်စစ်တပ်သုံးစက်လှေများဖြင့် ရေကင်းလှည့်မှုများပြုလုပ်လာကြောင်းမြို့ခံများမှ ပြောသည်။
” ရဲတွေကော စစ်တပ်တွေ ညပိုင်းဆိုကားနဲ့ လိုက်လှည့်တာတွေ့လာရတယ်။ နောက်မြစ်ထဲမှာလည်း စစ်တပ်သုံးစက်လှေ သုံးဦးနဲ့ ကင်းလှည့်တာတွေ့နေရတယ်” ဟု မြို့ခံပြည်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ယင်းသို့ စစ်ကောင်စီတပ်များမှ လှည့်ကင်းလုပ်ဆောင်နေသော်လည်း ၃ ရက်တာအတွင်း မြို့တွင်းရှိ မြဝတီရပ်ကွက်၊ နတ်မှော်လမ်း၊ ဆိပ်ကမ်း၊ ဗိုလ်ဘသိန်းရပ်ကွက်နှင့် ရွေပင်သာလောင်း လမ်းနေရာတို့၌ နေအိမ်အတွင်းဖောက်ထွင်းမှု၊ ခိုးမှုနှင့် မြို့အပြင်အထွက်လမ်း၌ ဓားထောက်လုယက်မှုပေါင်း ၂၀ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကာ ခိုးဆိုးလုယက်မှုအခြေအနေမှာဆိုးရွားလာနေကြောင်း မြို့ခံများမှပြောဆိုသည်။
ထို့အပြင် စစ်ကောင်စီလက်အောက်ခံဖြစ်သည့် ရဲထံအကြောင်းကြားသော်လည်း အမှုဖွင့်ပေးခြင်းသာပြုလုပ်ပေးနေပြီး ပြစ်မှုကျူးလွန်သူများအား အရေးယူနိုင်ခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
ဟင်္သာတမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလမှ ဇူလိုင်လနောက်ဆုံးအပတ်အထိ ၇ လတာအတွင်း ခိုးဆိုးလုယက်မှု အကြိမ် ၅၀ ဝန်းကျင်ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရသည်။
#ဟင်္သာတမြို့နယ် #ခိုးဆိုးလုယက်မှု #ရဲတပ်ဖွဲ့ #စစ်ကောင်စီတပ် #လုံခြုံရေး #Ayeyarwaddy_Times