ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇူလိုင်လ ၂၈ ရက်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဇာဒီကျေးရွာအုပ်စု၊ ခေါင်ပြန် ကျေးရွာရှိ ဒေသခံရွာသား ၃၀ ကျော်ကို ယမန်နေ့ ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုး တောနင်းမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်အင်အား ၁၅၀ ကျော်သည် ယမန်နေ့ နံနက် ၅ နာရီခန့်က ခေါင်ပြန်ရွာ ဘုန်းကြီးကျောင်းအနီးသို့ မြေတင်ကား ငါး စီးဖြင့် ရောက်ရှိလာပြီး ဒေသခံ ၃၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လူသားဒိုင်းအဖြစ် ဖမ်းဆီး အသုံးပြုခံနေရသည့် ရွာများမှာ ခေါင်ပြန်ရွာနှင့် ဒိုက်တဂေါ် ရွာမှ ဒေသခံများဖြစ်ကြောင်း သိရသည်။

” အခု စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာက ခရမ်းချောင်း တရုတ် ကျောက်ဆိုဒ် ဘက်ကို ထိုးနေတာပါ။ ရွာထဲကဒေသခံတွေကိုလည်း တွေ့ရာလူဖမ်းဆီးခေါ်ဆောင်သွား တယ်။ ဘာမှမဆိုင်တဲ့ ဒေသခံရွာသားတွေကို လူသားဒိုင်းအနေနဲ့ အသုံးချနေတာ”ဟု ဒေသခံတစ်ဦးက ဧရာဝီတိုင်းမ်ကို ပြောသည်။

ယခုကဲ့သို့ဒေသခံများကို လူသားဒိုင်းအဖြစ်ဖမ်းဆီးကာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ကံပေါက်အခြေစိုက် မောရဝတီရေတပ်ဌာနချုပ်၊ ခလရ-၂၇၃ နှင့် အခြားတပ်ရင်းများမှဖြစ်ပြီး ဇာဒီကျေးရွာသို့ ရောက်ရှိနေကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဒေသခံများကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီး နောက် ကျန်ရှိနေသည့် ဒေသခံရွာများသည် နီးစပ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်နေရ ကြောင်းသိရသည်။

ပုံစာ-စစ်ကောင်စီတပ်က ဒေသခံရွာသားများကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်ထားစဉ် (ပုံဟောင်း)

#ရေဖြူမြို့နယ် #ခေါင်ပြန်ရွာ #ဒေသခံရွာသား၃၀ကျော် #စစ်ကောင်စီတပ် #လူသားဒိုင်း #ဖမ်းဆီးခေါ်ဆောင် #စစ်ကြောင်းထိုး #Ayeyarwaddy_Times