ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ ရက်
နိုင်ငံအတွင်း လည်ပတ်သုံးစွဲငွေများ မျှတစွာရှိနေပြီး ဘဏ္ဍာငွေ လိုအပ်ချက်မရှိဘဲ ငွေကြေး လည်ပတ်မှု အခြေအနေ ပုံမှန် ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ဇူလိုင် ၂၆ ရက်နေ့က ကျင်းပသည့် စစ်ကောင်စီ၏ စီးပွားရေးရာ ကော်မတီ အစည်းအဝေးတွင် ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
ထို့ပြင် ဘဏ်များတွင်လည်း ငွေကြေး အပ်နှံမှုများစွာရှိပြီး ကျပ် နှစ်သောင်းတန် ငွေစက္ကူ အသစ်ကို အထိမ်းအမှတ် အဖြစ်သာ အကန့်အသတ်ဖြင့် ထုတ်သဖြင့် ငွေကြေး ဖောင်းပွမှု လုံးဝ ဖြစ်ပေါ်စေမည် မဟုတ်ကြောင်း၊ ငွေကြေး ဖောင်းပွမှု ဖြစ်မည် ဆိုခြင်းမှာ စီးပွားရေးအရ ကမောက်ကမ ဖြစ်စေရန် နိုင်ငံရေးအရ တိုက်ခိုက်ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ဗဟိုဘဏ်က ဇူလိုင်လ ၂၅ ရက်နေ့က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင်လည်း ကျပ် နှစ်သောင်းတန် ငွေစက္ကူ သစ်ကို နေပြည်တော်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် တည်သည့် “မာရဝိဇယ” ဗုဒ္ဓ ရုပ်ပွားတော် တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်နှင့် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်မှာ မွေးဖွားသော ဆင်ဖြူတော် “ရဋ္ဌနန္ဒက” ၏ ၁ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် ထုတ်ဝေခြင်း ဖြစ်ကြောင်း ထည့်သွင်း ရှင်းလင်းသည်။
ယင်း ကျပ် နှစ်သောင်းတန် ငွေစက္ကူ အသစ်ကို လာမည့် ဇူလိုင်လ ၃၁ ရက်နေ့မှ စတင် ထုတ်ဝေသွားမည် ဖြစ်ကြောင်း ဗဟိုဘဏ်က ဇူလိုင်လ ၂၃ ရက်နေ့ ရက်စွဲနှင့် ထုတ်ပြန် ကြေညာထားခြင်း ဖြစ်သည်။
ထိုသို့ ကြေညာပြီးနောက် ဒေါ်လာ၊ ရွှေ၊ စက်သုံးဆီ ဈေးနှုန်း နှင့် အခြေခံ စားသောက်ကုန် ဈေးနှုန်းများ မြင့်တက် သွားကြောင်း ဈေးကွက်ထဲမှ စုံစမ်းသိရှိရသည်။
ကျပ် နှစ်သောင်းတန် ငွေစက္ကူ သစ် ထုတ်ဝေခြင်းသည် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ယတြာချေခြင်း ဖြစ်နိုင်ကြောင်း ယူဆသူများလည်း ရှိနေသည်။
ယင်း ကျပ် နှစ်သောင်းတန် ငွေစက္ကူ ကို ဆင်ဖြူပုံ အသုံးပြုထားသည့်အပြင် စစ်ကောင်စီတပ် ယူနီဖောင်း အရောင်နှင့် ဆင်တူသည့် အစိမ်းနုရောင် သုံးကာ စစ်ကိုင်း တံတားနှင့် ဧရာဝတီ တံတားပုံတို့ကို အသုံးပြု ရိုက်နှိပ်ထားခြင်းတို့ အပေါ် ထိုသို့ ယတြာချေခြင်း ဖြစ်နိုင်ကြောင်း ယူဆမှုနှင့် ပတ်သက်ပြီး မီဒီယာ တချို့ကလည်း ဖော်ပြထားသည်။
အဆိုပါ နှစ်သောင်းတန် နောက်ဆက်တွဲ အခြေအနေကြောင့် ငွေကြေးကို ယုံကြည်မှုမရနိုင်သဖြင့် ဘဏ်တွင် အပ်နှံထားသည့် ငွေသားများ ထုတ်ယူလိုက်ပြီး ရွှေဝယ်ရန် ကြိုးစားသော်လည်း ဝယ်မရကြောင်း ဘဏ်မှ ငွေထုတ်သူ တစ်ဦးက ပြောကြားသည်။
အသေးစား စီးပွားရေးလုပ်ငန်း လုပ်သူ တစ်ဦး ကလည်း“ပိုက်ဆံက တန်ဖိုးမရှိသလို ဖြစ်တော့ ခိုင်မာတာ တစ်ခုခု ဝယ်ထားချင်တာပေါ့။ ကိုယ်စုဆောင်းထားတဲ့ ပိုက်ဆံတွေ ဘဏ်ထဲ နေရင်း တန်ဖိုး လျော့လျော့လာတာ။ အခု ပိုက်ဆံ ထုတ်လိုက်ပြီး ရွှေလည်း ဝယ်မရဘူး။ အိမ်ခြံမြေ ဈေးက မိုးထိုးနေပြီ မလိုက်နိုင်တော့ဘူး”ဟု ပြောကြားသည်။
လက်ရှိ ဈေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း၊ ရွှေဈေး၊ စက်သုံးဆီဈေး အပါအဝင် အခြေခံ စားသောက်ကုန်၊ ဆေးဝါးများ ဈေးနှုန်း မြင့်တက်နေပြီး တချို့ကုန်စည်များ ရောင်းချမှု ရပ်ဆိုင်းထားကြောင်းလည်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
#ဘဏ်များ #ငွေကြေး #အပ်နှံမှုများစွာရှိ #နိုင်ငံတွင်း #ငွေကြေးလည်ပတ်မှု #ပုံမှန်ပြန်ရောက်နေဟု #စစ်ခေါင်းဆောင်ပြော #Ayeyarwaddy_Times