ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၇ ရက်
တရားမဝင်အာဏာသိမ်းစစ်ကောင်စီထုတ်ဝေသော ဆင်ရုပ်ပုံနှစ်သောင်းတန်ငွေစက္ကူကို တရားမဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) က ယနေ့ ဇူလိုင် ၂၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
စစ်ကောင်စီက ထုတ်ဝေထားသည့် နှစ်သောင်းတန်(၂၀,၀၀၀)ငွေစက္ကူကို အမျိုးသား ညီညွတ်ရေးအစိုးရနှင့် ယင်းအားဆက်ဆံမည့် အစိုးရများက အသိအမှတ်ပြုမည် မဟုတ် ကြောင်း ပါဝင်သည်။
အဆိုပါတရားမဝင် ငွေစက္ကူရိုက်နှိပ်ထုတ်ဝေခြင်းကြောင့် ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေပြီး ပြည်သူများ၏ လုပ်အားခနှင့် ချွေးနှဲစာစုဆောင်းငွေများကို တဖက်လှည့် ခိုးယူခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။
စစ်ကောင်စီသည် ၎င်းတို့သက်ဆိုးရှည်စေရန်အတွက် ပြည်သူများအပေါ်ရက်စက်စွာ အကြမ်းဖက် တိုက်ခိုက်နေပြီး လိုအပ်နေသည့်ဘဏ္ဍာငွေကို ငွေစက္ကူအမျိုးအစားသစ် ရိုက်ထုတ်ကာ အရေးပေါ်ဖြည့်တင်းနိုင်ရေး ဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ( NUG)၏ ထုတ်ပြန်ချက်တွင်ပါဝင်သည်။
အာဏာသိမ်းစစ်ကောင်စီ၏ အဆင်ခြင်မဲ့လုပ်ရပ်များသည် ပဋိပက္ခများ အန္တရာယ်၊ ဆင်းရဲမွဲတေမှု၊ ကိုဗစ် ၁၉ ကပ်ရောဂါကျရောက်ချိန်တွင် အိမ်ထောင်စုများ၊ စီးပွားရေးလုပ်ငန်းများအပါဝင် ပြည်သူလူထုအပေါ်ထပ်မံ၍ ဒုက္ခအကျပ်အတည်း ကျရောက်စေခဲ့သည်။
မြန်မာနိုင်ငံတွင် လက်ရှိလည်ပတ်နေသည့် ငွေစက္ကူများအနက် တန်ဖိုးအကြီးဆုံး ကျပ်နှစ်သောင်းတန်ငွေစက္ကူကို လာမည့် ဇူလိုင် ၃၁ ရက်နေ့တွင် အရေအတွက် အကန့်အသတ်ဖြင့် ထုတ်ဝေမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာထားသည်။
ပုံစာ- စစ်ကောင်စီက ထုတ်ဝေမည်ဟုကြေညာထားသည် ငွေစက္ကူနှစ်သောင်းတန် နမူနာ
#နှစ်သောင်းတန် #တရားမဝင်စစ်ကောင်စီ #NUGကြေညာ #Ayeyarwaddy_Times