ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၇ ရက်

စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်များ စစ်ရေးတင်းမာမှုကြောင့် ဒေသခံပြည်သူ ၃,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေးခက်ခဲနေကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ညပိုင်းက ခမ်းပတ်မြို့ အမှတ် (၁) နှင့် (၂) ရပ်ကွက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါရပ်ကွက် အတွင်းရှိ ဒေသခံပြည်သူများသည် ဇူလိုင်လ ၂၃ ရက်နေ့မှစတင်၍ စစ်ဘေးရှောင်ခဲ့ရ ခြင်းဖြစ်ကြောင်း သိရသည်။

“ဇူလိုင် ၂၃ ရက်နေ့ မနက်ပိုင်းကတည်းက ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတေ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရတယ်။ စစ်ဘေးရှောင်သူတွေကိုတော့ ကားနဲ့ ကြိုတာ ပို့တာတွေလုပ်ပေးပြီး တစ်ဦးကို ကျပ်ငွေ တစ်သောင်းလောက်ပေးရတယ်။ ကာနန် ကျေးရွာ ဆိုလည်း ရွာလုံးကျွတ်ပြေးနေရတယ်။ ကျန်ရှိသူတွေကိုတော့ တဖြည်းဖြည်း ခြင်းပဲ ကားနဲ့ ကြိုပို့တာတွေ လုပ်ခဲ့ရတယ်။ ခုလက်ရှိမှာတော့ ခမ်းပါတ်တစ်မြို့လုံးနဲ့ ကျေးရွာတွေက စစ်ဘေးရှောင်တွေဟာ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ အရမ်း လိုအပ် နေပါတယ်” ဟု ခမ်းပတ်မြို့ခံ အမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ခမ်းပတ်မှနေ၍ ကလေးမြို့သို့ စစ်ဘေးရှောင်သူများသည် အသင်းတော်ပိုင် အဆောက်အဦများနှင့် နီးစပ်ရာဆွေမျိုးများထံတွင် နေထိုင်ကြပြီးအိမ်ဌားဖြင့် နေထိုင်ကြသူများလည်ရှိကာ အိန္ဒိယဘက်သို့ တိမ်းရှောင်နေသည့် ဒေသခံစစ်ဘေးရှောင် များလည်းရှိနေကြောင်း သိရသည်။

“ကျွန်တော်ကတော့ အိမ်စောင့်ပြီး ကျန်ခဲ့တယ်။ ကျွန်တော်နားမှာလည်း ကျည်ဆံတွေ ကျတယ်။ ကံကောင်းလို့ပဲ ကျွန်တော့်ကို မထိတာ။ ခုဆိုရင် လူတွေကော အိမ်မွေးတိရိစ္ဆာန်တွေပါ မလုံခြုံတော့ဘူး” ခမ်းပတ်မြို့ခံ က ဆိုသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့တွင် ခါမ်းပါတ်မြို့ရှိ စစ်ကောင်စီစခန်းနှင့် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့၍ ၂၃ နှစ်အရွယ်အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး လက်ရှိတွင်လည်း ကောင်စီတပ်မှ အင်အားများဖြည့်တင်းထားကြောင်း ဒေသခံများ ထံက သိရသည်။

#စစ်ကောင်စီတပ် #ဒေသကာကွယ်ရေးတပ် #စစ်ရေးတင်းမာမှု #ခမ်းပတ်မြို့ #ဒေသခံ ၃၀၀၀ကျော် #ထွက်ပြေးတိမ်းရှောင် #စားဝတ်နေရေးခက်ခဲ #Ayeyarwaddy_Times