ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ ဇူလိုင် ၂၇ ရက်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် ဇူလိုင်လဆန်းပိုင်းမှ စတင်၍ အပြင်းစား ရာသီတုပ်ကွေးကူးစက်ရောဂါ တကျော့ပြန်ဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။

ကန်ပက်လက်မြို့နယ်၊ ကျေးလက်ဒေသများတွင် လူနာများ ဆေးကုသရန် အတွက် ဆရာဝန်နှင့် ဆေးဆရာ၊ ဆရာမများ မရှိသည့် အတွက် ရာသီတုပ်ကွေးနှင့်ပတ်သက်ပြီး ဆေးခန်းပြသရန်နှင့် ဆေးဝါးသောက်သုံးရန် လမ်းညွှန်ပေးမည့်သူများ မရှိ၍ ဒေသခံများ အခက်ကြုံနေရကြောင်း သိရသည်။

“စစ်ကောင်စီက စစ်ကြောင်းတွေထိုးတယ်။ ရာသီတုပ်ကွေးတွေလည်းဖြစ်နေတယ်။ လောလော ဆယ်တော့ ဒေသခံ ၁၀၀ ကျော်ဖျားနေတယ်။ ဖျားနေရင်းတောင် ထွက်ပြေးရတယ်။ အလုပ်မလုပ်နိုင်တော့ တစ်နေ့လုပ်၊ တစ်နေ့စားတွေအတွက် အခက်အခဲ ဖြစ်နေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် လာမှုကြောင့် ဒေသခံပြည်သူ ၂၀၀၀ ကျော် တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင် နေကြရပြီး မြို့ထဲသို့ ဆေးဝါးများဝယ်ယူနိုင်ရန်အတွက်လည်း အခက်ကြုံနေကြရသည်။

ကန်ပက်လက်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေး တပ်ဖွဲ့(ကန်ပက်လက်)နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့က ခုခံတိုက်ခိုက်နေပြီး လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန် လျှက်ရှိကြောင်းသိရသည်။

ဓာတ်ပုံ-ကန်ပက်လက်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်း (ပုံအဟောင်း)
#ချင်းပြည်နယ် #ကန်ပက်လက်မြို့နယ် #ရာသီတုပ်ကွေးကူးစက်ရောဂါ #ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူ #ဆေးကုသရန် #ဒေသခံများအခက်ကြုံ #Ayeyarwaddy_Times