ဧရာ၀တီတိုင်းမ်
ဇူလိုင် ၂၈ ရက်
နေပြည်တော်အ၀င်လမ်းများရှိ စစ်ဆေးရေးဂိတ်အားလုံးတွင် ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်၍ စစ်ကောင်စီတပ်သားများကို လုံခြုံရေး အပြည့်ချကာ ကင်းပုန်းများနှင့် သံချပ်ကာကားများကိုပါ အသင့်အနေထားဖြင့် စစ်ရေးသတိရှိစေရေး ညွှန်ကြား ထားကြောင်း သိရသည်။
နေပြည်တော်အတွင်းသို့ ၀င်ရောက်ရာလမ်းများတွင် စစ်ကောင်စီတပ် လုံခြုံရေး ဂိတ်များချထားပြီး အဆိုပါဂိတ်များတွင် စစ်သည်အင်အားအပြည့်နှင့် သော်လည်း ကောင်း၊ ကင်းပုန်း၀ပ်၍ သော်လည်းကောင်း စောင့်နေစေပြီး သံချပ်ကာ ကားများကိုပါ အသင့်ပြင်ဆင်၍ လုံခြုံရေးသတိ၊ စစ်ရေးသတိရှိနေစေရန် ညွှန်ကြားထားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
“အ၀င်လမ်းတွေ အကုန်လုံးကို အင်အားအပြည့်ချ ထားပြီး ကင်းပုန်း၀ပ်တွေရောပေါ့။ စစ်သည်တွေအကုန် အသင့်အနေအထားနဲ့ နေဖို့ညွှန်ကြားစာထုတ်ထားတာ”ဟု နေပြည်တော်ရှိ လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
တောင်ညို-ပျဉ်းမနားလမ်း၊ တပ်ကုန်း-ပျဉ်းမနား၊ ရေနီ၊ သာ၀တ္တိ- အေလာ-ပျဉ်းမနား၊ လယ်ဝေး-ပျဉ်းမနား လမ်းစသည့် လမ်းများအားလုံးတွင် စစ်ကောင်စီတပ်၏ စစ်ရေးဂိတ်များကို လုံခြုံရေးတင်းကျပ်ထားပြီး ကင်းပုန်း၀ပ်ဆောင်ရွက်ရန် ညွှန်ကြား ထားသည်။
ထို့ပြင် သံချပ်ကားများကိုလည်း အသင့်ထွက်ခွာနိုင်ရန်အတွက် ပြင်ဆင်ထားရန် ညွှန်ကြားထားပြီး သံချပ်ကာကားစုစုပေါင်း ရှစ် စီးခန့်ကို အသင့်အနေထားဖြင့် ထားရှိ ညွှန်ကြားထားကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ စစ်ရုံးစိုက်ရာ နေပြည်တော်ကို အင်အားတိုးချဲ့၍ လုံခြုံရေးချ ထားရန်အတွက် တိုင်းအသီးသီးရှိ စစ်ဆေးရေးဂိတ်များနှင့် တပ်ရင်း၊ တပ်ဖွဲ့များမှ စစ်ကောင်စီတပ်သားအင်အားများ ကို ပြန်လည်ရုပ်သိမ်းမှုများလည်း ပြုလုပ်ခဲ့သည်။
ဓာတ်ပုံ-စစ်ကောင်စီတပ် (ပုံဟောင်း)
#နေပြည်တော် #စစ်ကောင်စီ #လုံခြုံရေး #တိုးမြှင့် #သံချပ်ကာကား #Ayeyarwaddy_Times