ဧရာဝတီတိုင်းမ်
(ညောင်လေးပင်)၊ ဇူလိုင်လ ၂၇ ရက်
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့၊ ရေတွင်းကုန်းရွာအနီးတွင် ဇူလိုင်လ ၂၅ ရက်နေ့နှင့် ဇူလိုင်လ ၂၆ ရက်နေ့များက စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးကာ ၃၀ ဦးနှင့် အထက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ဒေသခွဲ-၂ သတင်းပြန်ကြာရေးတာဝန်ခံထံက သိရ သည်။
ရေတွင်းကုန်းရွာနှင့် ယောက်သွားကုန်းရွာအကြားတွင် ဇူလိုင် ၂၅ ရက်နေ့က ၂ နာရီ ကျော်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ဇူလိုင်လ ၂၆ ရက်နေ့တွင် ရေတွင်း ကုန်းရွာ သုသာန်အနီးတွင် ထပ်မံ၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်သား စစ်ကောင်စီတပ်သား ခြောက် ဦးသေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရရှိခဲ့သည်။
“အခု ကျွန်တော်တို့က မြို့တွေနဲ့တအားနီးကပ်နေတဲ့အခါတွေကျတော့ သူတို့ (စစ်ကောင်စီ) က ဟန့်တားတဲ့သဘောပေါ့နော်။ သူတို့ကလက်နက်ကြီးပစ်ကူတွေပေးပြီး တောက်လျှောက် ကျွန်တော်တို့ကိုဖိအားပေးနေတာတော့ရှိတယ်။ ကျွန်တော်တို့ဘက်က လည်း စစ်တောင်းမြစ်အရှေ့ခြမ်းရော၊ အနောက်ခြမ်းရော စိုးမိုးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ရှေ့ဆက်သွားနေပါတယ်” ဟု စစ်ဒေသခွဲ-၂ သတင်းပြန်ကြာရေးတာဝန်ခံက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံက G-3 သေနတ်တစ်လက်၊ ၇.၆၂ ကျည် ၂၀၀ တောင့်၊ ၆၀ မမဗုံးသီး ၁တစ်လုံးသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်နှင့် အဆိုပါတိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း တပ်ဖွဲ့ဝင် ရှစ် ဦးဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ စိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
စစ်ဒေသခွဲ -၂၊ တောင်ပိုင်းအတွင်း ဇူလိုင်လ ၂၅ ရက်နေ့နှင့်၂၆ ရက်နေ့ နှစ်ရက်အတွင်းမှာ တိုက်ပွဲစုစုပေါင်း ငါးပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးကာ သေနတ် ကိုး လက် အပါအဝင်ကျည်မျိုးစုံကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – ပေးပို့
#ညောင်လေးပင် #ရေတွင်းကုန်း #တိုက်ပွဲ #လက်နက်သိမ်းဆည်းရမိ #စစ်ကောင်စီတပ် #၇ဦးသေ၃၀ကျော်ဒဏ်ရာရ #Ayeyarwaddy_Times