ဧရာဝတီတိုင်းမ်
(ဖြူး)၊ ဇူလိုင်လ ၂၇ ရက်

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အင်ပင်သာကျေးရွာတွင် ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင်က စာကြည့်တိုက်အနီး ထောင်ထားသည့်ဗုံးပေါက်ကွဲမှုကြောင့် အနီးအနားတွင်ကစားနေသည့် ကလေးငယ် ငါးဦး ထိမှန်ခဲ့ပြီး ကလေးငယ် လေးဦးမှာ သေဆုံးခဲ့ကြောင်း ဒေသတွင်းလူမှုကူညီရေးအဖွဲ့အစည်းများထံက သိရသည်။

အင်ပင်သာကျေးရွာလမ်းဘေးရှိ စာကြည့်တိုက်အနီးတွင်ဗုံးပေါက်ကွဲမှုကြောင့် ကစားနေသည့်ကလေးငယ်များထိမှန်ခဲ့ပြီး တစ်ဦးမှာ ခန္ဓာကိုယ်တစ်စစီပြတ်ထွက်ကာနေရာတွင်ပင်သေဆုံးခဲ့သည်။ ကျန်ကလေးငယ်များကို ဖြူးမြို့နယ်ဆေးရုံသို့‌ပို့ဆောင်ကာ ဒဏ်ရာပြင်းထန်သည့်ကလေးတစ်ဦးကို နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံသို့ပိုဆောင်ရန် သွားစဉ် လမ်းတွင်သေဆုံးခဲ့ကြောင်းနှင့် ယခုအခါတွင် သေဆုံးသူ ကလေးငယ် လေးဦးအထိရှိပြီဖြစ်ကြောင်း ဇေယျဝတီပရဟိတ အသင်းထံက သိရသည်။

“ဗုံးအထုပ်ကို ဘာမှန်းမသိလို့ ကြိုးသွားဆွဲလို့ ဖြစ်တယ်လို့ သိရတယ်။ ဘယ်သူကထောင်ထားတာလဲ‌တော့မသိရသေးဘူး။ အဲ့ဒီဘက်မှာက ပျူစောထီးလဲရှိတယ်၊ ပြည်သူ့စစ်လဲရှိတယ်။ အခုဗုံးကွဲတဲ့နေရာက စစ်ကောင်စီကထိန်းချုပ်ထားတဲ့ဧရိယာအတွင်းမှာပဲရှိနေတယ်။ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေက အဲ့ဒီဘက်ကို မရောက်သေးဘူး” ဟု ‌မြေပြင်ရှိတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး က‌ ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားသည့် ကျေးရွာအတွင်းသို့ စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့သည်မှာ မကြာသေးကြောင်းလည်း ဒေသခံများကပြောသည်။

ပြီးခဲ့သည် ဇူလိုင်လ ၁၃ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ကျိုက်ထို့မြို့နယ်တွင် အသက် ၁၃ နှစ်အရွယ် မောင်အေးချမ်းဆိုသူမှာ သိမ်ဇရပ်အခြေစိုက် ခလရ ၂၀၇ တပ်ရင်းအနီး နွားကျောင်းနေစဉ် စစ်တပ်မှထောင်ထားသည့်မိုင်းနင်းမိကာ အသက်ဆုံးရှုံးခဲ့ရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ပြီး ဧပြီလအထိ ကောက်ယူရရှိသည့်စာရင်းများအရ မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေတက်သည့်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးခဲ့ရသူ ၃၈၈ ဦးအထိရှိခဲ့ပြီး ကလေးသူငယ်ပေါင်း ၈၅ ဦး အထိပါဝင်နေကြောင်း UNICEF Myanmar အစီရင်ခံစာအရ သိရသည်။

#ဖြူး #အင်ပင်သာ #မိုင်းပေါက်ကွဲ #ကလေးငယ် #သေဆုံး #ဒဏ်ရာရ #Ayeyarwaddy_Times