ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၇ ရက်
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမည်တူ၍ လူငယ်တစ်ဦးကို ရိုက်နှက်သည့် ရုပ်သံရိုက်ကူးခဲ့သည့် Tiktok ဆယ်လီ ကိုဇော်ဝင်းမောင်ကို စစ်ကောင်စီတပ်က ယမန်နေ့ ဇူလိုင်လ ၂၆ ရက်နေ့က မန္တလေးမြို့ရှိ ၎င်းဖွင့်လှစ်ထားသည့် Tattoo (တက်တူး) ဆိုင်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
Tiktok ဆယ်လီ ကိုဇော်ဝင်းမောင်ကို ယမန်နေ့ ညနေပိုင်းက မန္တလေးမြို့ လမ်း ၄၀ ၊ ၈၂ လမ်းထောင့်ရှိ တက်တူးဆိုင်တွင် စစ်ကောင်စီတပ်သားအင်အား အများအပြားဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးမြို့ ဒေသခံများထံက သိရသည်။
” ညနေပိုင်းက အဲ့ဒီနားမှာ နည်းနည်းရုတ်ရုတ်တော့ဖြစ်သွားတယ်။ နောက်ပိုင်းမှသိရတာ အဲ့ကောင်လေး(ကိုဇော်ဝင်းမောင်) အဖမ်းခံရတယ်ဆိုတာ။ ဘယ်ခေါ်သွားတယ်ဆိုတာတော့ မသိရသေးဘူး”ဟု မန္တလေးမြို့ ဒေသခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကိုဇော်ဝင်းမောင်သည် စစ်ခေါင်းဆောင်နှင့် နာမည်တူသည့် လူငယ်တစ်ဦး၏ နာမည်ကိုမေးစဉ် “မင်းအောင်လှိုင်” ဟု ဖြေကြားသဖြင့် ရိုက်နှက်နေသည့် Tiktok ဇာတ်လမ်းကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်ထောက်ခံသူများက ၎င်းတို့၏ တယ်လီဂရမ်ချန်နယ်များတွင် အဆိုပါ Tiktok ရုပ်သံနှင့်အတူ ကိုဇော်ဝင်းမောင်အား ဖမ်းဆီးရန် လှုံဆော်ပြီး နာရီပိုင်းအကြာတွင် ယခုကဲ့သို့ ဝင်ရောက်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရုပ်သံသည် စစ်တပ်အာဏာသိမ်းပြီး လအနည်းငယ်အကြာတွင် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး စစ်တပ်ထောက်ခံသူများက အဆိုပါ ရုပ်သံဖိုင်ကို အွန်လိုင်းပေါ်တွင် ပြန်တင်၍ ဖမ်းဆီးရန် လှုံဆော်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နာမည်မေးပြီး ရိုက်နှက်ခဲ့သည် ရုပ်သံနှင့် ပတ်သက်၍ ကိုဇော်ဝင်းမောင်ကို မန္တလေးနန်းတွင်းစစ်ကြောရေးသို့ ခေါ်ဆောင်သွားခြင်းဖြစ်နိုင်ပြီး ငွေတောင်းခံကာ ခံဝန်ဖြင့် ပြန်လွှတ်ပေးနိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုလျှက်ရှိသည်။
ဓာတ်ပုံ-Tiktokဆယ်လီကိုဇော်ဝင်းမောင်
#စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #Tiktokဆယ်လီကိုဇော်ဝင်းမောင် #Ayeyarwaddy_Times