ဧရာဝတီတိုင်းမ်
ငါးသိုင်းချောင်း ၊ ဇူလိုင်လ ၂၆ ရက်
ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ်တွင် ခရိုင်တရားသူကြီးဦးဆောင်ကာ ကျေးရွာများအတွင်းသို့ ဧည့်စာရင်းစစ်ဆေးမှုများပြုလုပ်နေပြီးဒေသခံလူငယ် ငါးဦးကို တော်လှန်ရေးအဖွဲ့နှင့် ဆက်စပ်နေသည်ဟုဆိုကာဖမ်းဆီးခံထားရကြောင်း ဒေသခံများထံကသိရသည်။
ကျုံပျော်ခရိုင်တရားသူကြီးဖြစ်သူ ဦးနေလင်းအောင်ဆိုသူနှင့် စစ်ကောင်စီတပ်ဗိုလ်မှူး နှစ်ဦးဦးဆောင်ကာ ယမန်နေ့ ဇူလိုင်လ ၂၅ ရက်ကစတင်ပြီးငါးသိုင်းချောင်းမြို့ရှိရဲစခန်းထံသို့ဝင်ရောက်စစ်ဆေးခဲ့ပြီး စဉ့်အိုးကွဲနှင့်အုန်းတော စသည့်ကျေးရွာများအတွင်းသို့ စစ်ကြောင်းပုံစံဖြင့် ဧည့်စာရင်းစစ်ဆေးမှုများပြုလုပ်သွားခဲ့ကြောင်း ငါးသိုင်းချောင်းမြို့မရဲစခန်းနှင့်နီးစပ်သူများထံက သိရသည်။
” ခရိုင်တရားသူကြီးနဲ့ဗိုလ်မှူးအဆင့်နှစ်ယောက် စခန်းစစ်ဆိုပြီးဆင်းချလာတာ။ အခြားခရိုင်အဆင့်လူတွေလည်းပါလာတယ်။ ရဲစခန်းမှာစစ်တပ်ကောရဲတွေကိုလူစုပြီး PDF နဲ့ဆက်စပ်သူတွေ NUG ကိုထောက်ခံအားပေးတဲသူတွေကို သေချာဖမ်းဆီးဖို့၁၅ မိနစ်လောက်တန်းစီ အစည်းအဝေးလုပ်သွားတယ်။စဥ့်အိုးကွဲနဲ့အုန်းတောရွာဘက်ကိုစစ်ကြောင်းပုံစံနဲ့ဧည့်စာရင်းစစ်သွားတယ်” ဟု ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ခရိုင်တရားသူကြီးနှင့် အဖွဲ့သည် ဧည့်စာရင်းစစ်ဆေးခဲ့ပြီးနောက် စစ်ကောင်စီတပ် နှင့်ရဲတပ်ဖွဲ့အင်အား ၂၀ ဝန်းကျင်မှာကျေးရွာများအတွင်းသို့ဝင်ရောက်လာပြီး စဥ့်အိုးကွဲကျေးရွာမှအသက် ၂၃ နှစ်ရွယ်ဝန်းကျင် လူငယ်အမျိုးသား သုံးဦး နှင့် အုန်းတောကျေးရွာမှ လူငယ်အမျိုးသား နှစ်ဦး စုစုပေါင်း ငါးဦး
ကို စစ်ကောင်စီတပ်မှPDF ဖြင့်ဆက်စပ်သည်ဟု အကြောင်းပြကာဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့်ဒေသခံများထံကသိရသည်။
လက်ရှိ၌စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံထားရသည့် ဒေသခံလူငယ် ငါးဥဦးကိုမည်သည့်နေရာတွင်ထိန်းသိမ်းထားကြောင်း သတင်းမရသည့်အတွက် မိသားစုဝင်များက စိတ်ပူနေကြောင်း သိရသည်။
” သတင်းစုံစမ်းနေတုန်းပဲ။ငါးသိုင်းချောင်းမှာလားရေကြည်မှာလားပေါ့။ဘယ်ကိုခေါ်သွားလဲဆိုတာမသိရတာ။ ဒီအတိုင်းပဲအပြင်အလုပ်လုပ်နေကြတဲ့သူတွေ။အခုအိမ်ကသူတွေလည်းရှောင်ဖို့လုပ်နေရတယ်” ဟု ဖမ်းဆီးထိန်းသိမ်းခံထားရသူ၏ မိသားစုနှင့် နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ငါးသိုင်းချောင်းမြို့နယ်တွင်ပြီးခဲ့သည့် မေလမှစတင်ကာ ဇူလိုင်လနောက်ဆုံးအပတ်အထိ ဧည့်စာရင်းစစ်ဆေးရင်း ဒေသခံလူငယ် ၁၀ ဦးနှင့်အထက်ကို တော်လှန်ရေးအဖွဲ့များဖြင့်ဆက်သွယ်သည်ဟု အကြောင်းပြ ဖမ်းဆီးကာ ခြိမ်းခြောက်ငွေတောင်းခံမှုများ ရှိကြောင်းသိရသည်။
#ငါးသိုင်းချောင်း #ခရိုင်တရားသူကြီးဦးဆောင် #ကျေးရွာများဧည့်စာရင်း #စစ်ဆေး #ဒေသခံ၅ဦးကို #တော်လှန်ရေးအဖွဲ့ #ဆက်စပ်သည်ဆိုကာ ဖမ်းဆီး #Ayeyarwaddy_Times