ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၆ ရက်

ဧရာဝတီတိုင်း လပွတ္တာမြို့အဝင်အထွက် ဂိတ်များ စစ်ဆေးရန် တပ်အင်အားမလုံလောက်မှုကြောင့် စစ်မှုထမ်းဟောင်း ပင်စင်စားအသက်ကြီးရွယ်အိုများကို လက်နက်ပေးပြီး အသုံးပြုလာကြောင်းမြို့ခံများထံကသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်ကစတင်ကာ လပွတ္တာမြို့အဝင်အထွက်ဂိတ်နေရာ၌ ယခင်စစ်ကောင်စီတပ်သားနှင့် ရဲများနေရာတွင် ပင်စင်စားစစ်မှုထမ်းဟောင်းအသက်ကြီးရွယ်အိုများကိုအစားထိုးကာ ကင်းစောင့်ခိုင်းမှုများရှိနေကြောင်း မျက်မြင်တွေ့ရှိခဲ့ရသည့် လပွတ္တာမြို့ခံများက ပြောသည်။

“လပွတ္တာမြို့အဝင် ၄ မိုင်ဂိတ်မှာ စစ်မှုထမ်းဟောင်းအဘိုးကြီးတွေ စစ်ဆေးနေတယ်။အရင်ကရဲတွေစစ်တပ်တွေနေရာကိုစစ်မှုထမ်းဟောင်းတွေကိုအစားထိုးတာ။ ဖုန်းတွေလည်းစစ်တယ်။ဖမ်းဆီးခံရတာတော့မကြားရဘူး”ဟု လပွတ္တာ မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်ရန်အတွက် ဇူလိုင်လပထမအပတ်၌ မြို့နယ်ထွေအုပ်ရုံးသို့ စစ်မှုထမ်းပင်စင်စားများကိုအစည်းအဝေးခေါ်ယူခဲ့​ပြီး အသက်၆၀ နှစ်မှ ၆၈ နှစ်ကြား အသက်ကြီးရွယ်အိုကျန်းမာရေးကောင်းမွန်သူများကိုသာတာဝန်ပေးခဲ့ခြင်းဖြစ်ကြောင်းစစ်မှုထမ်းဟောင်းများထံကသိရသည်။

” အသက်ကြီးအရွယ်စစ်မှုထမ်းပင်စင်စားတွေကိုထွေအုပ်ရုံးမှာအစည်းအဝေးခေါ်တယ်။ ဂိတ်မှာလုံခြုံရေးကင်းစောင့်ဖို့ပေါ့။အသက် ၆၀ ကနေ ၆၈ နှစ်ကြား ကျန်းမာတဲ့သူတွေလာပြီးဂိတ်စောင့်လို့ရမယ်။နေ့စားကြေး တစ်ရက် တစ်သောင်းပေးမယ်ပေါ့။ကိုယ်တွေကတော့ငြင်းလိုက်တယ်။ အသက်တွေလည်းကြီးနေပြီ။ဒီစစ်မှုထမ်းတာကိုတမင်နားချင်လို့အငြိမ်းစားယူလိုက်တာ။အင်အားမလုံလောက်တော့ဘူး။နေ့စားကြေးတစ်သောင်းကို ၇၀၀၀ပဲရလို့ ကားတွေဂိတ်ဖြတ်တာနဲ့ပိုက်ဆံစွပ်တောင်းနေကြတယ်လို့ပြန်ကြားတယ်” ဟုအသက်ကြီး ပင်စင်စားစစ်မှုဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ​မြို့အထွက်ဂိတ်တစ်ခုဖြစ်သည့် ဆားကျင်းချောင်းတံတားဂိတ်၌လည်းဇူလိုင်လ ၂၅ ရက်နံနက်ပိုင်းကစပြီး စစ်မှုထမ်းဟောင်းပင်စင်စားတချို့နှင့် ပျူစောထီးအဖွဲ့ဝင်များမှ ဒေသခံ ထော်လာဂျီ ၊မော်တော်ယာဥ်များနှင့်ဆိုင်ကယ်စီးနင်းသူများထံမှ လက်ကိုင်ဖုန်းများကို
စစ်ဆေးပြီး တစ်ဦးလျှင်ငွေကျပ်တစ်ထောင်မှ တစ်သောင်းဝန်းကျင်အထိ ငွေကြေးကောက်ခံမှုများရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့်ဒေသခံများကပြောသည်။

” ဆားကျင်းချောင်းတံတားဂိတ်မှာအဘိုးကြီးတွေနဲ့ ပျူစောထီးအင်အားက မနည်းဘူး။မြို့ဘက်လာသမျှလူတွေဆိုင်ကယ်တွေကားတွေထော်လာဂျီတွေကိုငွေတောင်းနေတာကြုံခဲ့ရတယ်။ကျွန်တော်ဆို ငါးထောင် ပေးလိုက်ရတယ်။ဖုန်းလည်းဖွင့်ပြရတယ်” ဟု ကိုယ်တိုင် ကြုံတွေ့ခံခဲ့ရသည့် ပျဉ်ထောင်တွင်း ကျေးရွာဒေသခံတစ်ဦးကဆိုသည်။

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် မေလမှစပြီး မြို့နယ်အားလုံးနီးပါးရှိ မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်များကိုစစ်ကောင်စီက ပြန်လည်ရုပ်သိမ်းခဲ့သော်လည်း ဇွန်လမှစပြီးဂိတ်အချို့ပြန်လည်ဖွင့်လှစ်ခဲ့သည်။

#လပွတ္တာ #မြို့အဝင်အထွက် #စစ်ဆေးရန် #တပ်အင်အားမရှိ၍ #အသက်ကြီးပင်စား #လက်နက်ပေး #ပြန်သုံးနေ
#Ayeyarwaddy_Times