ဧရာဝတီတိုင်းမ်
(ကျောက်တံခါး)၊ ဇူလိုင်လ ၂၆ ရက်

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နံဇရွာမှ စစ်ကောင်စီတပ်များသည် ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြန်လည်ဆုတ်ခွာသွားပြီး နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် နံဇရွာအတွင်းမှ သေနက် ငါး လက်နှင့် စစ်ကောင်စီတပ်သားအလောင်း ခုနစ် လောင်း ရရှိခဲ့ကြောင်း ကျောက်တံခါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

နံဇကျေးရွာသို့ ကားကြီးတစ်စီး၊ ဘေးတွဲနှစ်စီးဖြင့်ရောက်ရှိလာသည့် အင်အား ၄၀ ကျော်ပါစစ်ကောင်စီတပ်ဖွဲ့ကို ဇူလိုင်လ ၂၅ ရက်နေ့ညက ရှေ့ထွက်မိုင်းများဖြင့် မိုင်းဆွဲခဲ့ကာ အနီးကပ်ပစ်ခတ်မှုများလည်းပြုလုပ်ခဲ့ပြီး ဇူလိုင်လ ၂၆ ရက်နေ့တွင် ထပ်မံတိုက်ခိုက်ခဲ့ရာ အထိနာ‌နေသည့် စစ်ကောင်စီတပ်သည် လက်နက်များပါထားရှိ၍ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် ခုနစ် ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ခုနစ် ဦးကို ကျောက်တံခါးဆေးရုံမှ တောင်ငူဆေးရုံသို့ အတွင်းလူနာအဖြစ် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“နံဇရွာတိုက်ပွဲမှာ တကယ်ကို အထိနာသွားလို့ သေနတ်တွေတောင် ပြန်မယူသွားနိုင်ဘူး။ အခု မနက်မှ သေနတ်တွေ ကျန်ခဲ့လို့ရထားတာ။ လာတာ ၄၀၊ သေတာက ခုနစ် ယောက်နဲ့ ဒဏ်ရာအပြင်းထန် ခုနစ် ယောက်နဲ့ ၊ ကျန်တာက အပွန်းအပဲ့နဲ့ပြန်သွားကြတယ်” ဟု ကျောက်တံခါးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ထံက BA-94 သေနတ်တစ်လက်၊ MA-1 သေနတ်တစ်လက်၊ MA-2 သေနတ် နှစ်လက်၊ MA-3 သေနတ်နှစ်လက်၊ ကျည်ဘောက်များနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ကျောက်တံခါးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သားများ၊ စစ်ကောင်စီလက်အောက်ခံ ရဲများအနေဖြင့် လက်နက်ချအညံ့ခံရန်နှင့် လက်နက်နှင့်ဆက်စပ်ပစ္စည်းများပါလာက ထိုက်သင့်သည့်ဆုကြေးငွေကို ပေးအပ်မည်ဟု ထုတ်ပြန်ထားသည်။

နံဇကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့ကလည်း အင်းအား ၄၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီစစ်ကြောင်းကို KNLA၊ PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တပ်သား ၄၁ ဦးသေဆုံးကာ ၄၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ကျောက်တံခါးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့။
#ပဲခူတိုင်း #ကျောက်တံခါး #နံဇရွာတိုက်ပွဲ #စစ်ကောင်စီတပ်သား #သေနတ်၇လက် #သိမ်းဆည်းရမိ #Ayeyarwaddy_Times