ဧရာဝတီတိုင်းမ်
ဟိုင်းကြီးကျွန်း ၊ ဇူလိုင်လ ၂၆ ရက်
ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမြို့နယ်ရှိ စစ်ကောင်စီပမ္မဝတီရေတပ်တခုလုံးနီးပါးကို မိသားစုအကျိုးခံစားခွင့်ဟုဆိုကာ ကိုယ်ရေးရာဇဝင်တောင်းခံမှုများ ပြုလုပ်နေခြင်းသည် တပ်ပြေးစာရင်းနှင့်CDM ပြုလုပ် သူမိသားစု ဝင်များကို အရေးယူရန်ကြိုးပမ်းနေခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းအရင်းအမြစ်ထံကသိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်မှစတင်ကာ ဇူလိုင်လ ၂၂ ရက်နေ့အထိ ပမ္မဝတီရေတပ်စခန်းရှိတပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင်မိသားစုအားလုံးနီးပါးကို ပုသိမ်ခရိုင်လဝက အဖွဲ့မှ မိသားစုအကျိုးခံစားခွင့်ဟု အကြောင်းပြကာမှတ်ပုံတင် ၊ ကိုယ်ရေး အချက်အလက်များ ကိုတောင်းခံမှုများပြုလုပ်ခဲ့ကြောင်း ပမ္မဝတီရေတပ်နှင့်နီးစပ်သည့်သတင်းအရင်းအမြစ်တစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
” မိသားစုအကျိုးခံစားခွင့်ဆိုပြီးကိုယ်ရေးရာဇဝင်ရယ်မှတ်ပုံတင်တွေထပ်တောင်းသွားတယ်။ပုသိမ်ကလဝကရယ် တပ်ရင်းမှူးနဲ့တပ်ရင်းမှူးကတော်ရယ်စစ်ဆေးတဲ့အဖွဲ့တွေအစုံပဲ။ နောက်မှCDM လုပ်တဲ့သူတွေနဲ့တပ်ပြေးတွေရှိမရှိသိချင်လို့စာရင်းကောက်တာလို့သိရတာ” ဟု ၄င်းကပြောသည်။
ယင်းသို့စစ်ကောင်စီမှ စာရင်းကောက်ခံခဲ့မှုမှာ ရေတပ်အတွင်းတပ်ပြေးအခြေအနေနှင့် CDM ပြုလုပ်သူ မိသားစုများ နေထိုင်ခြင်းရှိမရှိအခြေအနေအပေါ်သိရှိစေရန်နှင့် အရေးယူရန် ခြိမ်းခြောက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်းလည်းရေတပ် တပ်ဖွဲ့ဝင်မိသားစုဝင်တချို့ထံကသိရသည်။
” ပထမစာရင်းကောက်တုန်းကမသိဘူး။ တပ်ပြေးတွေ၊ CDM လုပ်တဲ့သူတို့၊တပ်တွင်းဖရဲသီးတို့ရှိလားဆိုပြီးစာရင်းလိမ်ကောက်မှန်းနောက်မှသိရတာ။ CDM လုပ်တဲ့တပ်မိသားစုဝင်ပါရင်တစ်မိသားစုလုံးကိုအကြမ်းဖက်ပုဒ်မနဲ့ထောင်ချမယ်ဆိုပြီးခြိမ်းခြောက်ခံရတယ်။ ယောက်ျားတွေကိုလည်းရှေ့တန်းကိုအပြီးပို့ပစ်မယ်ဆိုပြီး တပ်တွင်းတွေ့ဆုံပွဲမှာပြောသွားတယ်။ အခုတပ်ထဲမှာအချင်းချင်းသံသယနဲ့ကြည့်နေတဲ့ပုံစံဖြစ်နေတယ်” ဟု တပ်တွင်းမိသားစုဝင်တစ်ဦးက ဆိုသည်။
ပုသိမ်မြို့နယ်တွင် ပြီးခဲ့သည့်ဇူလိုင်လ ၂၀ ရက်ကစပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)ရှိတပ်အင်အားရာချီကို နေပြည်တော်ထံသို့အရေးပေါ်တပ်ပြောင်းရွှေ့ခဲ့ပြီးနောက် တပ်တွင်း၌ကျန်ရှိနေသည့်မိသားစုဝင်များထွက်ပြေးနိုင်ခြင်းမရှိစေရန်အတွက်အကြောင်းအမျိုးမျိုးပြကာစာရင်းကောက်ခံမှုများရှိနေကြောင်းရေတပ်သတင်းအရင်းအမြစ်ထံကသိရသည်။
ပုံစာ- ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်၌စစ်ကောင်စီလက်အောက်ခံဟိုင်းကြီးကျွန်းပမ္မဝတီရေတပ်စခန်းအတွင်းသို့ပုသိမ်ခရိုင်လဝကအဖွဲ့နှင့်တပ်တွင်းစစ်ဆေးရေးအဖွဲ့မှမိသားစုရာဇဝင်များလိုက်လံကောက်ခံနေစဥ်။
ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့်Myammar National Post
#ဟိုင်းကြီးကျွန်း #ရေတပ် #မိသားစုအကျိုးခံစားခွင့်ဆိုကာ #ကိုယ်ရေးရာဇဝင်များတောင်းခံ #Ayeyarwaddy_Times