ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၇ ရက်

စစ်ကောင်စီလက်အောက်ခံ စစ်လေ့ကျင့်ရေးအရာရှိရုံးချုပ်၏ ညွှန်ကြားချက်ဖြင့် နေပြည်တော်ရှိ အကြမ်းဖက်နှိမ်နင်းရေးနှင့် အထူးတပ်ဖွဲ့သင်တန်းကို တက်ရောက်နေသည့် အမျိုးသမီးစစ်သည်များကို သင်တန်းနည်းပြများက လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်မှုများရှိနေပြီး အနိုင်ကျင့်မှုများရှိနေ၍ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က အမျိုးသမီးစစ်သည််ငါး ဦးထွက်ပြေးခဲ့ကြောင်း သိရသည်။

နေပြည်တော်တွင်ဖွင့်လှစ်ထားသည့် အကြမ်းဖက်နှိမ်နင်းနင်းရေး သင်တန်းသို့ စစ်ကောင် စီတပ်မှအရာရှိနှင့် အခြားအဆင့်အမျိုးသမီးစစ်သည်များကို အသုတ်လိုက်ခွဲ၍ မဖြစ် မနေတက်ရောက်စေရာ ယခုအခါအပတ်စဉ် (၂) အထိရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းမှ သင်တန်းနည်းပြဆရာများနှင့် ကြီးကြပ်ရေးတာဝန်ကှိသူများမှာ အရက်နှင့် မူးယစ်ဆေးဝါးများသုံးစွဲပြီး အမျိုးသမီးစစ်သည်များကို သင်ရိုးထက် ကျော်လွန်ကာ လေ့ကျင့်မှုများပြင်းပြင်းထန်ထန်လုပ်ခိုင်းခြင်း၊ နှိပ်စက်ခြင်းနှင့် လိင်ပိုင်း ဆိုင်ရာ နှောင့်ယှက်မှုများကို အုပ်စုဖွဲ့ကာ လုပ်ဆောင်လျှက်ရှိသည်။

ထို့သို လုပ်ဆောင်နေခြင်းကြောင့် အကြမ်းဖက် နှိမ်နင်း‌ရေး အပါတ်စဉ်(၂) သင်တန်း သူများမှာ နေပြည်တော် စရက ၂/၁၀၀၀စစ်ဆေးရုံ (အမှတ်၂ တပ်မတော်စစ်ဆေးရုံ)တွင် ဆေးစစ်ခြင်းများ ပြုလုပ်ရန်သွားရောက်ခွင့်ရစဉ် ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ဖြစ်စဉ်ကတော့ ၂၃ ရက်နေ့ကလို့သိရတယ်။ ကျွန်တော်တို့ဆီလာရောက် ဆက်သွယ်တာ မရှိသေးဘူး။ လာရောက်ဆက်သွယ်တာနဲ့ ဒီအမျိုးသမီးစစ်သည်တွေကို အန္တရာယ် တစ်စုံတစ်ရာ မကျရောက်အောင် အထူးဂရုစိုက်ကူညီသွားမှာပါ။ လာရောက် ဆက်သွယ်ဖို့လဲ မျှောင်လင့်နေပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ ရဲနှင့်တပ် CDM များအတွက် အကောင်ထည်ဖော်ရေးတာဝန်ရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရ၍ ထွက်ပြေးသွားသည့် အမျိုးသမီး စစ်သည်များအကြောင်းကို သတင်းဖုံး ဖိထားပြီး နေပြည်တော်အနီးတစ်ဝိုက်တွင်လည်း ပိတ်ဆို့ရှာဖွေနေကြောင်း ဆရက ၂/၁၀၀၀ ဆေးရုံတွင် တာဝန်ကျခဲ့သည့် ဆေးဘက် ဆိုင်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်ထံက သိရသည်။

အကြမ်းဖက်နှိမ်နင်းရေးနဲ့အထူးတပ်ဖွဲ့သင်တန်းကို အမျိုးသား၊ အမျိုးသမီးခွဲကာ နေပြည်တော်၊ မိုးဆွေ အမှတ် (၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တတက-၂)နှင့် မှော်ဘီမြို့၊ ပူးပေါင်းစစ်ဆင်ရေးနှင့် လေထီးသင်တန်းကျောင်း(ပလသ) နေရာ နှစ်ခုတွင် ဖွင့်လှစ်ထားကြောင်း တပ်တွင်းနီးစပ်သူများထံက သိရသည်။

စစ်ကောင်စီလက်‌အောက်ခံရဲနှင့် တပ်ဖွဲဝင်များအနေဖြင့် CDM ပြုလုပ်လိုပါက ပြည်သူ့ ရင်ခွင်အဖွဲ့အစည်းထံသို့ လာရောက်ဆက်သွယ်နိုင်ကြောင်း ဖိတ်ခေါ် ထားသည်။

ဓာတ်ပုံ – အမျိုးသမီးစစ်သည်များကိုတွေ့ရစဉ်(ပုံအဟောင်းကိုအသုံးပြုထားသည်)

#နေပြည်တော် #အမျိုးသမီးစစ်သည် #လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရ #ထွက်ပြေး #Ayeyarwaddy_Times