နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၆ ရက်

စစ်ကိုင်းတိုင်းအတွင်းသို့ တာဝန်ကျပြောင်းရွှေ့လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်သားများနှင့်အတူ လက်နက်ငယ်သင်တန်း ပို့ချပေးပြီး စစ်ယူနီဖောင်းဝတ်ဆင်စေပြီး စစ်ဆင်ရေးများလုပ်ဆောင်ခိုင်းနေကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။

စစ်ကောင်စီသည် စစ်ကိုင်းတိုင်းသို့ ပြောင်းရွှေ့လာရသည့် ရဲဝန်ထမ်းများကို ယခု ဇူလိုင်လဆန်းမှ စတင်ကာ စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ကိုင်းတိုင်းက ရဲစခန်းတွေကို ပြောင်းရွှေတာဝန်နဲ့သွားရမယ်ဆိုပြီးဟိုရောက်တော့ သူတို့(စစ်ကောင်စီတပ်) ရဲ့ စစ်ယူနီဖောင်း ပြောင်းဝတ်ခိုင်းပြီး ရှေ့တန်းကိုအပို့ခံနေရတယ်။ ကျွန်တော်တို့က အကြောင်းအမျိုးမျိုးကြောင့် CDM မဝင်နိုင်ဖြစ်နေပြီး ရှောင်တိမ်းမရတဲ့အချိန်မှာ ပြောင်းရွှေခံလိုက်ရတာပါ။ အခုတော့ စစ်ကောင်စီတပ်လုပ်ဆောင်နေတဲ့ ရွာတွေ မီးရှို့တာ ၊ အပြစ်မဲ့ ပြည်သူတွေကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်တာတွေလုပ်နေတယ်” ဟု စစ်ကိုင်တိုင်းအတွင်းရှိ မြို့နယ်တစ်ခုသို့ ပြောင်းရွှေခံခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီသည် ယခင်က ရဲတပ်ဖွဲ့ဝင်များကို အပြောင်းအရွှေ့ပြုလုပ်ရာတွင် ရခိုင်ပြည်နယ်သို့ အဓိက ပြောင်းရွှေကြရခြင်းဖြစ်ပြီး ယခုအခါတွင် အကြောင်းအမျိုးမျိုးပြကာ စစ်ကိုင်းတိုင်း ၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်များသို့ ပို့ဆောင်နေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းဝိုင်းထံကသိရသည်။

“မကောင်းမှန်းသိသိကြီးနဲ့ကို လုပ်နေရတယ် ။ မလုပ်ဖြစ်အောင်တော့ကြိုးစားနေတာပေါ့။ ရဲထဲဝင်တုန်းကပြည်သူကိုကာကွယ်ဖို့ပါ။ အခုက ကိုယ့်မိသားစုတောင်ကာကွယ်ပိုင်ခွင့်မရှိဖြစ်နေပြီ။ မလုပ်နိုင်လို့ထွက်ပြေးရင်လည်း ကျန်ခဲ့တဲ့မိသားစုဝင်တွေကိုရက်စက်ရာကျတာမို့ မဖြစ်မနေကို စစ်ကောင်စီ အလိုကျနေနေရတယ်” ဟု စစ်ကိုင်းတိုင်းသို့ ပြောင်းရွှေ့ခြင်းခံရသည့် ရဲတပ်ဖွဲ့ဝင်ကဆိုသည်။

#စစ်ကိုင်းတိုင်း #တာဝန်ကျပြောင်းရွှေ့ #ရဲတပ်ဖွဲ့ဝင်များ #စစ်ကောင်စီတပ် #စစ်ယူနီဖောင်းဝတ် #စစ်ဆင်ရေးပို့ #Ayeyarwaddy_Times