ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၆ ရက်

ယူကရိန်းနိုင်ငံရဲ့ ရုရှားအပေါ် တန်ပြန်ထိုးစစ်ဆင်မှုကို ပံ့ပိုးကူညီဖို့ ဒေါ်လာ သန်း ၄၀၀ တန်ကြေးရှိ ထပ် တိုးစစ်ရေးအကူအညီ ပေးအပ်မယ်လို့ အမေရိကန်နိုင်ငံက ကြေညာလိုက်ပါတယ်။

ပင်တဂွန်က ဇူလိုင်လ ၂၅ ရက်မှာ ကြေညာခဲ့တဲ့ စစ်ရေးအကူအညီထဲမှာ ပက်ထရီးယော့ဒုံးကျည်တွေနဲ့ NASAMS ခေတ်မီ မြေပြင်-ဝေဟင်ခွင်းဒုံးကျည်စနစ်တွေ ပါဝင်ပါတယ်။

ယူကရိန်းနိုင်ငံက အမေရိကန်နိုင်ငံမှ HIMARS ဒုံးပစ်စနစ်အတွက် ခဲယမ်းမီးကျောက်တွေလည်း ရရှိမယ် လို့ သိရပါတယ်။

ရုရှားတပ်ဖွဲ့တွေရဲ့ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို လက်တုံ့ပြန်နိုင်မယ့် ယူကရိန်းရဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို အဆင့်မြှင့်တင်ပေးဖို့လည်း အမေရိကန်နိုင်ငံက ရည်ရွယ်နေပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ တောင်ပိုင်းရှိ အိုဒစ်ဆာနဲ့ အခြားဒေသတွေရှိ ယူကရိန်းဆိပ်ကမ်းတွေ၊ ကောက်ပဲ သီးနှံဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ဆက်လက် တိုက်ခိုက်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

“ရုရှားကျူးကျော်စစ်ပွဲရှိနေသရွေ့ အမေရိကန်နဲ့ မဟာမိတ်တွေ၊ မိတ်ဖက်တွေက ယူကရိန်းနိုင်ငံနဲ့အတူ ရပ်တည်မှာဖြစ်ပါတယ်” လို့ အန်တိုနီဘလင်ကန်က ပြောပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးက ဇူလိုင်လ ၂၅ ရက်မှာ ရုပ်သံဖိုင်တစ်ခုအတွင်း အမေရိကန်နိုင်ငံရဲ့ ထပ်တိုး အကူအညီအတွက် ကျေးဇူးတင်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“အမေရိကန်နိုင်ငံကနေ အခုလို စစ်လက်နက်နဲ့ ကာကွယ်ရေးဆိုင်ရာ အကူအညီတွေ ထပ်မံရရှိတဲ့အ တွက် ကျေးဇူးတင်ပါတယ်” လို့ ဇီလန်စကီးက ပြောပါတယ်။
ကိုးကား – NHK

Ref; US announces $400 mil. in additional military aid for Ukraine

#Ayeyarwaddy_Times