ဧရာဝတီတိုင်းမ်
(ချင်း)၊ ဇူလိုင် ၂၆ ရက်
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်တွင်လူမျိုးရေးအဓိကရုဏ်းကြောင့် သွေးချင်း ညီအကို (Zohnahthlak ချင်း-လူရှိုင်း-ကူကီးအနွယ်ဝင်များ)များကို အကြမ်းဖက်ဖိနှိပ်သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ၎င်းတို့နှင့်အတူရပ်တည်၍ ထပ်တူခံစားကြောင်း မီဇိုရမ်တပြည်နယ်လုံးတွင် ဇူလိုင် ၂၅ ရက်နေ့၊ နံနက် ၁၁ နာရီမှ စတင်၍ ပြည်သူသိန်းချီဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက်ဆန္ဒဖော်ထုတ်မှုကို မီဇိုရမ်ပြည်နယ်က အရပ်ဖက်လူမှုအဖွဲ့အစည်းများဖြစ်သည့် Central Young Mizo Asso ciation(CYMA)၊ Mizo Upa Pawl(MUP)၊ Mizo Hmeichhia Insuihkhawm Pawl(MHIP)၊ Mizo Zirlai Pawl(MZP) နှင့် Mizo Student Union (MSU) အဖွဲ့အစည်း ငါးဖွဲ့ဖြင့် စုဖွဲ့ထားသော NGO Co-ordination Committeeက ဦးဆောင်၍ မီဇိုရမ်ပြည်တ၀န်းလုံးတွင် ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်ကြောင်းဒေသခံများ၏ ပြောဆိုချက်အရသိရသည်။
ဆန္ဒဖော်ထုတ်မှုတွင် မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ် ပူးဇိုးရမ်းထန်းအပါအဝင် လွှတ်တော်ဥက္ကဌများ၊ ဝန်ကြီးများ၊ လွှတ်တော်အမတ်များ၊ နိုင်ငံရေးပါတီများနှင့် ပြည်သူတရပ်လုံးပူးပေါင်းပါ၀င်ခဲ့ကြကြောင်းသိရသည်။
“ဒီမိုကရေစီနိုင်ငံမှာ အမျိုးသမီးတွေကို ဥပဒေ၊ အကာအကွယ်မဲ့သတ်ဖြတ်ခံရတာဟာ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဒါနဲ့ပတ်သက်ပြီး အိန္ဒိယအစိုးရကလည်း နှုတ်ဆိတ်နေတယ်။ ဒါကို ကမ္ဘာသိအောင် ကျွန်မတို့လုပ်ဖို့လိုအပ်တယ် “ ဟု ဆန္ဒဖော်ထုတ်မှုတွင် ပါဝင်သော မီဇိုးရမ်ဒေသခံရမ်းဆန်းအီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ်ပူးဇိုးရမ်းထန်းကလည်း ကူကီး(ချင်း) အမျိုးသမီး ၂ ဦး၏ ဖြစ်စဉ်နှင့်ပတ်သက်၍ အလွန်တုန်လှုပ်ကာ အပြင်းအထန် ကန့်ကွက်ရှုတ်ချပြီး ပြစ်မှုကျူးလွန်သူများကို ထိုက်တန်သော ပြစ်ဒဏ်များ ချမှတ်ရန်နှင့် လက်ပိုက်ကြည့်နေ၍ မရတော့ကြောင်း သူ၏လူမှုကွန်ယက်စာမျက်နှာတွင်လည်း ရေးသားဖော်ပြထားသည်။
မဏိပူပြည်နယ်၊ အဓိကရုဏ်းအတွင်းတွင် ခရစ်ယာန်ဘာသာဝင်များ၏ ဘုရာကျောင်း ၂၅၀ ကျော်မီးရှို့ဖျက်ဆီးခံရပြီး လူပေါင်း ၁၅၀ နီးပါးခန့်သေဆုံးခဲ့ကြောင်းသိရသည်။
ထို့ပြင် ကူကီး (ချင်း) အမျိုးသမီး နှစ်ဦးကိုလည်း ကသည်းလူအုပ်ကြီးက ဖမ်းဆီး၍ အဝတ်ဗလာ ကိုယ်လုံးတီးဖြင့် ခေါ်ဆောင်သွားသော ဗီဒီယိုင်ဖိုင်ကို ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့က ပြန့်နှံ့လာခဲ့ပြီး အဆိုပါကူကီး(ချင်း)အမျိုးသမီးကို လူအုပ်ကြီးက လယ်ကွင်းပြင်တွင် ခေါ်ဆောင်၍ မုဒိန်းကျင့်သတ်ဖြတ်ခဲ့ကြကြောင်းဒေသသတင်းများ၏ ဖော်ပြချက်အရ သိရသည်။
၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ နှစ်လကျော်ကြာမြင့်သည့်အထိ မဏိပူရ်ပြည်နယ်ရဲစခန်းက အရေးယူဆောင်ရွက်ခြင်းမရှိဘဲ ဥပက္ခာပြုနေသည့်အတွက် ဆန္ဒပြမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
မဏိပူရ်ပြည်နယ်တွင် လူများစုဖြစ်သော ကသည်း(Meitei) လူမျိုးများသည် လူနည်းစုတောင်တန်းသားများအတွက် အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသော (Scheduled Tribe)တွင် ပါဝင်နိုင်ရန် ကာလကြာရှည်တောင်းဆိုခဲ့ပြီး ပြည်နယ်အတွင်းတွင် ပဋိပက္ခများစတင်လာခဲ့ခြင်းဖြစ်သည်။
ယင်းတောင်းဆိုမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် မေလ ၃ ရက်နေ့က မဏိပူရ်ပြည်နယ် Churachanpur မြို့တွင် ချင်း-ကူကီးအနွယ်ဝင်များက စည်းလုံးညီညွတ်ရေးချီတက်ပွဲ “Solidarity March” ဆန္ဒပြပွဲပြုလုပ်ခဲ့ပြီးနောက် ကသည်းလူမျိုးနှင့် ချင်း-ကူကီးအနွယ်ဝင်များအကြားတွင် ပဋိပက္ခများစတင်ဖြစ်ပွားလာခဲ့သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မဏိပူရ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြသော မြန်မာနိုင်ငံသားများကို ပြည်နယ်ဝန်ကြီးချုပ်အပါဝင် ကသည်းလူမျိုးများက ပြည်မအန္ဒိယနိုင်ငံသားများထံသို့ တိုင်ကြား၍ ဖမ်းဆီးခြင်းနှင့် နေရပ်သို့ ပြန်လည်ပို့ဆောင်မှုတို့ကို မကြာခဏပြုလုပ်ခဲ့သည်။
ကသည်းခွဲထွက်ရေးလက်နက်ကိုင်များသည် စစ်ကိုင်းတိုင်း၊ တမူးမြို့၊ ခမ်းပတ်မြို့တို့တွင် အဓိကလှုပ်ရှားနေပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ပူးပေါင်း၍ ဒေသကာကွယ်ရေးတပ်နှင့် မကြာခဏတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ-မီဇိုးရမ်ပြည်နယ်၊ မြို့တော်အိုင်းဇောလ်မြိို့တွင် ဆန္ဒဖော်ထုတ်သည့် မြင်ကွ
#မဏိပူရ်ပြည်နယ် #ချင်း-ကူကီးအနွယ်၀င်များ #ဖိနှိပ်သတ်ဖြတ်ခံရမှု #မီဇိုရမ်ပြည်နယ် #ဆန္ဒဖော်ထုတ် #Ayeyarwaddy_Times