ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇူလိုင်လ ၂၆ ရက်

တင်္နသာရီတိုင်း မြိတ်ခရိုင်၊ပုလောမြို့နယ်၊ပုလောကုန်းရွာ၊တမိုင်တောင်အနီး တွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ကား သုံးစီး ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင်လ ၂၄ ရက် ညနေ ၄ နာရီခန့်အချိန်က ၂၈၅ တပ်ရင်းမှ ပုလောကုန်းဖက်သို့ တက်လာသော စစ်ကောင်စီတပ် မှ ကား သုံး စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများစွာရှိခဲ့ကြောင်း ပူရိယက္ခညီနောင် စစ်ကြောင်းထံမှသိရသည်။

“ပေါက်ကွဲအားပြင်းတဲ့ မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။မိုင်းထိချက်အားကောင်းလို့ စစ်ကား တစ်စီးတော့ လမ်းဘေးမြောင်းထဲကို ထိုးကျသွားခဲ့ပါတယ်”ဟု ပူရိယက္ခပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ် ကိုပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများစွာရှိကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုအပြင် ညနေ ၆ နာရီခန့်အချိန်ခန့်တွင် ပုလောကုန်းရွာရှိ စစ်ကောင်စီတပ်စခန်းများရှိရာသို့ ပူရိယက္ခညီနောင်စစ်ကြောင်းမှ ဒုတိယအကြိမ် လက်နက်ကြီးများဖြင့် ထပ်မံသွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကို ပူရိယက္ခညီနောင်စစ်ကြောင်းမှတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ် ရဲဘော်များဘက်မှ အထိအခိုက်မရှိအောင်မြင်စွာဆုတ်ခွါလာနိုင်ခဲ့ကြောင်း
သိရသည်။

ပူရိယက္ခညီနောင် စစ်ကြောင်းအနေဖြင့် စစ်ကောင်စီတပ်သားများကို အချိန်ခါသင့်သလို မိုင်းဆွဲတိုက်ခိုက် ပစ်ခတ်ခြင်းများပြုလုပ်သွားမည်ဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများ နှင့် ဂိတ်စခန်းများအနားသို့ နီးကပ်စွာသွားလာခြင်းမပြုလုပ်ကြရန် ထုတ်ပြန်ထားသည်။

#ပုလောအခြေစိုက် #၂၈၅တပ်ရင်း #စစ်ကား၃စီး #မိုင်းဆွဲတိုက်ခိုက်ခံရ #စစ်ကောင်စီတပ်သား #၅ဦးသေဆုံး

#Ayeyarwaddy_Times