နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၅ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သံဃာတော် အရှင်မြတ်များကို မတရားဖမ်းဆီး၊ ထောင်ချသတ်ဖြတ်နေပြီး တစ်ဖက်တွင် ဘုရားတည်ခြင်းမှာ ဘာသာရေး ခုတုံးလုပ်ခြင်းသာဖြစ်ပြီး သွေးစွန်းသောလက်ဖြင့် ပေးသောဘွဲ့သည်လည်း လူမိုက်ဘွဲ့သာ ဖြစ်သည်ဟု ဆရာတော်များက မိန့်ကြားသည်။
စစ်ခါင်းဆောင်သည် နေပြည်တော်ရှိ ၎င်းတည်နေသည့် မာရဝိဇယဘုရား တည်ဆောက်ရေးနှင့် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအပါအဝင် ဖွံ့ဖြိုးတိုးတက်ရေး အတွက်စွမ်းစွမ်းတမံ ဆောင်ရွက်ပေးသည်ဟုဆိုကာ စစ်ကောင်စီကို အားပေး ထောက်ခံသည့် သံဃာတော်များဖြစ်သည့် သီတဂူဆရာတော်နှင့် ဆရာတော်ဆေကိန္ဒအပါအဝင် သံယာတော် ၂၆ ပါး ၊ စစ်ကောင်စီတပ်မှ စစ်ဗိုလ်ချုပ်၊ ရဲအပါအဝင် လူပုဂ္ဂိုလ် ၂၀၄ ဦးတို့ကို ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်က ဂုတ်ထူးဆောင်ဘွဲ့တံဆိပ်များ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
“ဘုရားကြီးတွေ တည်တယ်ဟေ့ဆိုတာ သက်သက်မဲ့ ကာဗာ၊ ခုတုံးလုပ်တာပဲ။ သူတို့ (စစ်ကောင်စီ)က တစ်ဖက်မှာတော့ ယနေ့ထက်ထိ သံဃာတော်အရှင်မြတ်တွေကို ဖမ်းဆီးထားတယ်၊ ထောင်ချထားတယ်၊ နောက်သတ်ဖြတ်တယ်။ သူတို့ သတ်တာ တွေဆိုရင် သံဃာတော်အပါး ၇၀ ရှိနေပြီ။ ယနေ့ထက်ထိလည်းပဲ မလွတ်မြောက်သေးတဲ့ သံဃာတော်တွေလည်းပဲ အများကြီးပဲရှိတယ်။ ဘုန်းကြီးကျောင်းတွေဆိုလည်း မီးရှို့ ဖျက်ဆီးကြတယ်။ တစ်ခြားဘာသာဝင်တွေရဲ့ ဘုရားကျောင်းတွေဆိုလည်း မီးရှို့ဖျက်ဆီး ခံထားရတယ်။ စစ်ကိုင်း၊ မကွေးမှာဆိုရင် အိမ်ခြေပေါင်း ၇၀၀၀၀ ကျော် မီးရှို့ဖျက်ဆီး ခံနေရတယ်။ စစ်ဘေးကို သန်းနဲ့ချီပြီးတော့ ရှောင်ပြေးနေရတယ်။ ဒါတွေဟာ ဗုဒ္ဓရဲ့ တရားလမ်းစဉ်နဲ့ ကြည့်ရင် တစ်ခြားဆီပဲ” ဟု ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က ဧရာဝတီတိုင်းမ်ကို မိန့်ကြားသည်။
ထိုသို့ ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်ချီးမြှင့်ရာတွင် နိုင်ငံတော် သြဝါဒစရိယ ရွှေကျင်နိကာယဥက္ကဋ္ဌ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ၊ ရွှေသုဝဏ်ဆရာတော်ကြီး ဘဒ္ဒန္တသဒ္ဓိယ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာ ပြုတက္ကသိုလ်၏ ပါမောက္ခချုပ်ဆရာတော်(ငြိမ်း) ဒေါက်တာဘဒ္ဒန္တ သီလာနန္ဒာ ဘိဝံသအပါအဝင် ဆရာတော်ကြီး လေးပါးနှင့် စစ်ကောင်စီအကြံပေး ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းအပါအဝင် စစ်ဗိုလ်ချုပ် ငါး ဦးတို့ကို ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များအနက် အမြင့်ဆုံး ဂုဏ်ထူးဆောင် တံဆိပ်ဖြစ်သည့် သရေစည်သူဘွဲ့ကို ပေးအပ်သည်။
ယင်းအပြင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ပါမောက္ခ ချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၊ အဘိဝိနယာစရိယစာသင်တိုက် ရန်အောင် မြင်တောရကျောင်း (မြို့တော်ဝန်ကျောင်း)၏ ပဓာနနာယက ဘဒ္ဒန္တခေမာနန္ဒ (ရန်ကင်း ဆရာတော်)နှင့် လူပုဂ္ဂိုလ်နှစ်ဦးတို့ကိုလည်း စည်သူဘွဲ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
“သွေးစွန်းတဲ့လက်တွေနဲ့ ဘုရားတည်၊ သွေးစွန်းတဲ့လက်တွေနဲ့ ပေးတဲ့ဘွဲ့ဟာ လူမိုက်ဘွဲ့ပဲ ဖြစ်မှာပဲ။ ဒါကြောင့်မို့လို့ မြတ်စွာဘုရားက လူမိုက်နဲ့ မပေါင်းနဲ့လို့ ပြောတာကို သွားပေါင်းတဲ့ကိုယ်က အဓမ္မလမ်းစဉ်ကို ကျင့်နေပြီ၊ လူမိုက်အားပေးဖြစ်နေပြီ၊ အဆိပ်ပင် ရေလောင်းဖြစ်နေပြီ။ ဒါကြောင့် ဒါတွေဟာ လုံးဝလုံးဝ ဘုရားရဲ့မျက်နှာ အိုးမဲသုတ်တယ်၊ တရားကို စော်ကားတယ်၊ သံဃာတော်တွေရဲ့မျက်နှာ ဗုဒ္ဓရဲ့သွေးသားအရင်း သံဃာတော် အရှင်သူ မြတ်တွေရဲ့ မျက်နှာကို အိုးမဲသုတ်စော်ကားခြင်းသာဖြစ်တယ်” ဟု ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က မိန့်သည်။
ထို့အပြင် စစ်ခေါင်းဆောင်က တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်ဘွဲ့ အနေဖြင့် သူရဘွဲ့ကို လည်းကောင်း၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ အနေဖြင့်သံဃာတော် အပါး ၂၀ နှင့် ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်အပါအဝင် လူပုဂ္ဂိုလ် သုံး ဦးတို့အား သီရိပျံချီဘွဲ့ကို ပေးအပ်သည်။
“တစ်နည်းပြောရရင် ဒါဟာ သူ့(ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)ရဲ့ ဒုတိယဒေါက်တိုင်ပေါ့။ ပထမဒေါက်တိုင်ကတော့ တိုင်းပြည်ကို ကာကွယ်မယ့် လက်နက်ကိုင်စစ်တပ်ကို တစ်မိန့် တစ်အာဏာစနစ်နဲ့ ဒေါက်တိုင်ထားခြင်းပေါ့။ ဒုတိယ ဒေါက်တိုင်ကတော့ ဘုန်းကြီး တွေကို သူ့အာဏာတည်မြဲဖို့အတွက် လှူဒါန်းပေးကမ်း ဘွဲ့တံဆိပ်ချီးမြှင့်ပြီးတော့ ဒေါက်ထားခြင်းပေါ့နော်။ ဒီလိုပဲ သူတို့ဟာ သိသိကြီးနဲ့ အချင်းချင်းအတူတကွ ကျေးဇူး ပြုပြီးတော့ တိုင်းပြည်ပေါ် မှာ လူလည်လုပ်နေကြတာပါပဲ” ဟု နွေဦးတော်လှန်ရေး သံဃကွန်ရက်မှ ဆရာတော် ဦးဝါယမက ဧရာဝတီတိုင်းမ်ကို မိန့်ကြားသည်။
ယင်းအပြင် စစ်ခေါင်းဆောင်သည် စစ်ကောင်စီတပ်မှ အရာရှိများ ၊ စစ်ကောင်စီခန့် ဒုဝန်ကြီး နှင့် လူပုဂ္ဂိုလ်များကို ဝဏ္ဏကျော်ထင်ဘွဲ့၊ သိပ္ပကျော်စွာဘွဲ့များ ပေးအပ်ခဲ့သည်။
“သူ့(ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) နောက်ကို ထပ်ကြပ်မကွာ လိုက်ပြီးတော့ သူ့ရဲ့ဝါဒဖြန့်(လော်ဘီ)လုပ်အောင်ပါသလို နောက်တစ်ချက်က ဒီဆရာတော်တွေရဲ့ နောက်မှာ ပြည်သူတွေရှိတယ်ဆိုတဲ့ အထင်နဲ့ အမြင်ကလည်း သူ့မှာရှိနေတယ်။ အရင် ခေတ်အဆက်ဆက်ကလည်း ဆရာတော်တွေနောက်မှာ ရှိခဲ့ကြတာကိုး။ ဒီခေတ်မှာ ကတော့ ဘယ်လောက်ပဲနာမည်ကြီးခဲ့သည်ဖြစ်စေ၊ တိုင်းသူပြည်သားက ဘယ်လောက်ပဲ ကိုးကွယ်ဆည်းကပ်ခဲ့သည်ဖြစ်စေ တိုင်းပြည်ပေါ်မှာ မတရားလုပ်နေတဲ့ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)ဘက်ကပါနေတဲ့ ဘုန်းတော်ကြီးတွေကို ဘယ်လောက်ပဲ ကြည်ညိုခဲ့ပါစေ ဒါဟာ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ပဲ၊ တိုင်းပြည်ပေါ်မှာ တကယ့်ကို မကောင်းတာပဲလို့ တိုင်းသူပြည်သားတွေက မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်၊ သိမြင်လာကြပြီ” ဟု ဆရာတော် ဦးဝါယမက မိန့်သည်။
စစ်ခေါင်းဆောင်သည် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ၊ ရဲသူရတံဆိပ် နှင့် ရဲဗလတံဆိပ်များကို စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်နှင့် စစ်ကောင်စီက ခန့်အပ်ထားသည့် ဝန်ထမ်းများနှင့် ၎င်း၏လက်အောက်ခံများကို ပေးအပ်ခဲ့သည်။
“အရင်က ဒီလိုသရေစည်သူတို့၊ အခုသူတို့ပေးနေတဲ့ စည်သူတို့ဆိုတာ ဘုန်းကြီးတွေ ကိုပေးတဲ့ သမိုင်းအစဉ်အလာမှာ မရှိဘူး။ သူတို့လူတွေထဲမှာသာ ပေးတဲ့ဘွဲ့တွေကို ယနေ့ စစ်အာဏာရှင်က ဟိုတစ်ခါလဲ သီရိပျံချီဆိုတဲ့ ဘွဲ့ တွေပေးတာ တွေ့တယ်။ သီရိပျံချီလည်း ဘုန်းကြီးတွေကို သာသနာသမိုင်းတစ်လျှောက်လုံးမှာ ပေးတာမရှိပါဘူး။ ဘုန်းကြီးတွေ ကိုပေးတဲ့ ဘွဲ့တွေဆိုတာ အဂ္ဂမဟာပဏ္ဍိတတို့ ၊ စာချတွေဆိုရင် ဂန္ဓဝါစတို့၊ အဂ္ဂမဟာဂန္ဓ ဝါစတို့၊ သဒ္ဓမ္မဇောတိကတို့ ဒါတွေပဲ သာသနာပြုဆိုင်ရာ ဘွဲ့တွေပဲ ပေးတာရှိတာပါ။ အခုကျတော့ သီရိပျံချီတို့၊ သရေစည်သူတို့၊ စည်သူတို့ လူတွေကိုပေးတဲ့ ဘွဲ့တွေကို ဘုန်းကြီးတွေကို ပေးတော့ ဒါတွေဟာ ပျက်စီးနေကြတာ အားလုံးပဲအသိ ဖြစ်ပါတယ်” ဟု ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က မိန့်သည်။
ထို့အပြင် စစ်ခေါင်းဆောင်သည် စီမံထူးချွန် ၊ လူမှုထူးချွန် ၊ စီးပွားထူးချွန် ၊ ပညာရပ်ဆိုင်ရာ ထူးချွန် တံဆိပ်များကို စစ်ကောင်စီတပ်၊ စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနများမှ Non CDM ဝန်ထမ်းများ နှင့် လူပုဂ္ဂိုလ်များကို ဆက်လက် ပေးအပ်ခဲ့သည်။
ဓာတ်ပုံ-စစ်ကောင်စီ
#စစ်ခေါင်းဆောင်သည် #ဘာသာရေးခုတုံးလုပ် #ဘုရားတည် #သွေးစွန်းသောလက် #ဂုဏ်ထူးဆောင်ဘွဲ့ #လူမိုက်ဘွဲ့ #သံဃာတော်များမိန့်ကြား #Ayeyarwaddy_Times