ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်
ကဏ္ဍပေါင်းစုံလှုပ်ခတ်သွားစေသည့် စစ်ကောင်စီက ငွေကျပ် နှစ်သောင်း(၂၀,၀၀၀)တန် ဂယက်ကြောင့် ပြည်တွင်းရွှေနှုန်းမြင့်တက်လာပြီး ရန်ကုန်မြို့ရှိ ရွှေဆိုင်များက အကယ်ဒမီ အခေါက်ရွှေ အရောင်းပိတ်ထားသော်လည်း ယနေ့ ဇူလိုင် ၂၅ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၄ သိန်းကျော်ဖြင့် ညနေဈေးပိတ်ခဲ့ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။
ဇူလိုင် ၂၅ ရက်နေ့ နံနက်ပိုင်းက ရွှေဈေးဖွင့်ချိန်တွင် အကယ်ဒမီရွှေ အခေါက် တစ်ကျပ် သားလျှင် ကျပ် ၃၅ သိန်းဖြင့်ဈေးဖွင့်ခဲ့ပြီး ညနေတွင် ကျပ် ၃၄ သိန်းကျော်ဖြင့်ဈေးပိတ်ခြင်း ဖြစ်ကြောင်း သိရသည်။
“အခုကရွှေကဈေးသာ ဖွင့်နေတာလုံးဝ ဝယ်လို့မရဘူး။ ဆိုင်တော်တော်များများ အရောင်းမရှိဘူး။ ရွှေအဝယ်ကျတော့လည်း လေးသောင်းလောက်ခွာတယ်။ ဖုန်းဆက် မေးတာမရဘူး။ လူကိုယ်တိုင်သွားတော့လည်းမရဘူး” ဟု ရွှေဝယ်ယူလိုသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့ရှိရွှေဆိုင်အများစုတွင် အကယ်ဒမီရွှေအခေါက် အရောင်းအဝယ် ပိတ်ထားပြီး မန္တလေးမြို့ရှိအချို့ ရွှေဆိုင်များတွင်မူ အရောင်းအဝယ်ရှိကြောင်း သိရသည်။
မြန်မာကျပ်ငွေတန်ဖိုးလျော့ကျနေပြီး ငွေကြေးမငြိမ်သက်မှုများကြောင့် အရောင်းအဝယ် မြန်ဆန် သည့်ရွှေကို ဝယ်ယူလိုသူများပြားနေချိန်တွင် ရွှေဆိုင်များက ယခုကဲ့သို့ အရောင်းပိတ် ထားခြင်းဖြစ် သည်။
စစ်ကောင်စီက နိုင်ငံခြားငွေနှင့်ရွှေဈေးနှုန်းကစားသူများကို ဖမ်းဆီးနေခြင်းကြောင့် ရွှေဆိုင် တချို့ကစိုးရိမ်ပြီး အရောင်းပိတ်ထားချိန်တွင်ကျပ်နှစ်သောင်းတန် ငွေစက္ကူ ထွက်ရှိမည်ဆိုခြင်းကြောင့် ရွှေဈေးကွက်အပေါ် ပို၍ ရိုက်ခတ်သွားခြင်း ဖြစ်သည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ရန်ကုန်မြို့ #စစ်ကောင်စီနှစ်သောင်းကျပ် #ရွှေဈေးတက် #ရွှေဆိုင်များပိတ် #Ayeyarwaddy_Times