နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၅ ရက်

ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ လက်ခတ်တောင်စခန်းကုန်းကို KNLA ကော်ဘရာစစ်ကြောင်း (၁)နှင့် တော်လှန်ရေးတပ်ပေါင်းစုတို့ က တိုက်ခိုက်သိမ်းပိုက် တပ်စွဲထားရာ စစ်ကောင်စီတပ်သည် လက်နက်ကြီးပစ်ကူများ ပစ်ခက်ပြီး အင်းအားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ပြန်လည်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီက ယနေ့မနက်အစောပိုင်း၃နာရီဝန်းကျင်ကတည်းက လက်ခတ်တောင်စခန်းကို ပြန်လည်တိုက်ခိုက်နေပြီး တော်လှန်ရေးအင်အားစုများ၏ ခုခံတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်အထိနာက အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

” မေတ္တာလင်းမြိုင်ဘက်မှာတပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကနေ (၁၂၀)မမ လက်နက်ကြီးတွေနဲ့ပစ်ခတ်သလို မြဝတီမြို့ ပေါ် မှာရှိတဲ့ (၂၇၅) တပ်ရင်းကနေလည်း (၁၂၀) မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး မနက်အစေားပိုင်းကတည်းက စစ်ကောင်စီအင်အားအလုံးရင်းနဲ့ဝင်ရောက်လာတာ” ဟု မြေပြင်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကရင်ပြည်နယ် မြဝတီမြို့အနီးတွင် စစ်ကောင်စီက အဓိက အခြေကုပ်ယူထားသည့် လက်ခတ်တောင်စခန်းအား ဇူလိုင်လ (၂၀)ရက်နေ့က KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ပွဲတွင် အမိန့်မရဘဲ စစ်မြေပြင်ကို စွန့်ခွါခဲ့သည့် ခမရ ၂ မှ တပ်ရင်းမှူးနှင့်ဒုတပ်ရင်းမှူးတို့ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေပြီး အချို့သော တပ်ဖွဲ့ဝင်များမှာ ထွက်ပြေးနေကြောင်း ဧရာဝတီတိုင်းမ်က စုံစမ်းသိရသည်။

#တော်လှန်ရေးအင်အားစု #တိုက်ခိုက်သိမ်းပိုက် #တပ်စွဲ #လက်ခတ်တောင်စခန်း #စစ်ကောင်စီတပ် #အင်အားအလုံးအရင်းဖြင့်ပြန်တိုက် #Ayeyarwaddy_Times