ဧရာဝတီတိုင်းမ်
(ပဲခူး)၊ ဇူလိုင်လ ၂၅ ရက်

ပဲခူးတိုင်း၊ ပဲခူးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ အစိုးရရုံးနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကို ယမန်နေ့ဇူလိုင်လ ၂၄ ရက်နေ့ ည ၉ နာရီဝန်းကျင်က ပဲခူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေးအနေဖြင့် M79 ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်း အစိုးရရုံးနှင့်အထွေထွေအုပ်ချုပ်ရေးရုံးဝန်းကို M79 နှစ်လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရုံးဝန်း၏ဂိတ်ပေါက်အနီးတွင်ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုအသေးစိတ်ကို သိရှိရခြင်းမရှိသေးကြောင်း Bago Region PDFမှ ထုတ်ပြန်ထားသည်။

“ပဲခူးတိုင်း အစိုးရရုံးနဲ့ အထွေထွေအုပ်ချုပ်ရေးရုံးဝန်းကို 79 နဲ့ ပဲခူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က နန်းထိုက်အောင်အဖြစ်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။အစိုးရရုံးနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကကပ်ရပ်ပဲ။ ခြံဝင်းတစ်ခုထဲမှာပဲ။” ဟု ပဲခူတိုင်းPDFတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပဲခူးမြို့နယ် (ပကဖ) တပ်ဖွဲ့ဝင်များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီက ယခုအခါအဆိုပါရုံးအနီးတွင် လုံခြုံရေးတင်းကြပ်မှုများ ပြုလုပ်ထားကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့ကလည်း ပဲခူးခရိုင်ခရိုင်တပ်ရင်း ၃၇၀၁၊ တပ်ခွဲ ၅နှင့် Daik-U Defense Force(DDF) ပူးပေါင်းအဖွဲ့မှာ ကျိုက်စကောအခြေစိုက် ခလရ ၃၀ တပ်ရင်းကို ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခဲ့ရာ တပ်သား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း Bago Region PDFထံက သိရသည်။

ဓာတ်ပုံ – ပဲခူးတိုင်းအစိုးရရုံး

#ပဲခူး #အစိုးရရုံ #အထွေထွေအုပ်ချုပ်ရေးရုံး #တိုက်ခိုက်ခံရ #Ayeyarwaddy_Times