နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဇူလိုင်လ ၂၅ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြမှုဖြစ်စဉ်များတွင် ဒေသခံတွေအသုံးပြုခဲ့တဲ့ ယာဉ်တွေကို လိုက်လံရှာဖွေ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။
အဆိုပါ မော်တော်ယာဉ်တွေကို သတင်းပေးတွေနဲ့အတူ လိုက်လံရှာဖွေဖမ်းဆီးနေပြီး ဖမ်းမိတဲ့အခါ ငွေညှစ်တောင်းယူတာတွေရှိသလို ငွေမရသည့်အခါ နိုင်ငံရေးပုဒ်မများတပ်ပြီး အရေးယူခြင်းများပြုလုပ်နေကြာင်း ဒေသခံများမှ ပြောသည်။
” ရှိသမျှယာဉ်အကုန်ပါတယ်၊ စစ်ကောင်စီသတင်းပေးတွေကမှတ်ထားတာ။ အခုမ ပြန်လိုက်ဖမ်းနေတာ၊ ဖမ်းမိရင် ငွေတောင်းတယ် မပေးနိုင်ရင် အဖမ်းခံရတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ပြောသည်။
ဆန္ဒပြခဲ့စဉ်က အသုံးပြုခဲ့သည့် မော်တော်ယာဉ်၊ ဆိုင်ကယ်နှင့် ထော်လာဂျီတို့ကို အဓိကထားရှာဖွေဖမ်းဆီးနေခြင်းဖြစ်ကြောင်း ၎င်းမှ ဆက််လက်ပြောဆိုသည်။
ဒေသခံများအနေဖြင့် ဆန္ဒပြခဲ့စဉ်ကယာဉ်တွေ လက်ဝယ်ရှိနေပြီး ဖမ်းဆီးခံရသည့်အခါ ငွေမပေးနိုင်လျှင် ပုဒ်မ ၅၀၅ – က ဖြင့် အမှုဖွင့်ဖမ်းဆီးခံရကြောင်း ဒေသခံများမှ ပြောသည်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြခဲ့သည့် ဒေသခံတချို့မှာလည်း နယ်စပ်နှင့် တိုင်းရင်းသားဒေသများတွင် တိမ်းရှောင်နေရသည့်အတွက် နေအိမ်နှင့် ခြံများ ချိပ်ပိတ်ခံခဲ့ရသလို ယခုအခါ ယာဉ်များအားထပ်မံ သိမ်းယူနေကြောင်း ဒေသခံများထံမှ သိရသည်။
#မအူပင်မြို့နယ် #စစ်ကောင်စီတပ် #ယာဉ်များ #ရှာဖွေဖမ်းဆီး #နိုင်ငံရေးပုဒ်မ #Ayeyarwaddy_Times