ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်
စစ်ကောင်စီက မြန်မာကျပ်ငွေ နှစ်သောင်း (၂၀၀၀၀)တန် ငွေစက္ကူများ အသစ်ထုတ် မည်ဟု ကြေညာပြီးနောက် အိမ်ခြံမြေ၊ ကား၊ ရွှေနှင့် နိုင်ငံခြားငွေလဲနှုန်း နှင့် ကုန်ဈေး နှုန်းများ ရုတ်တရက်မြင့်တက်သွားပြီး ကားအရောင်းအဝယ်စျေးကွက် ပိတ်ထားကြောင်း စုံစမ်းသိရသည်။
ရွှေနှင့်နိုင်ငံခြားငွေလဲ ဈေးကွက်ပိတ်သည့် တနင်္ဂနွေနေ့ ဇူလိုင် ၂၃ ရက်နေ့တွင် စစ်ခေါင်း ဆောင်တည်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပြီးစီးမှုနှင့် ဆင်ဖြူတော် ရဠနန္ဒ တစ်နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ဆင်ဖြူတော်ရုပ်ပါ ကျပ်နှစ်သောင်းတန် အမျိုးအစား ငွေစက္ကူအသစ် ထုတ်ဝေခြင်းဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည်။
ယင်းနေ့မှာပင် ဈေးကွက်အတွင်း အိမ်၊ခြံ၊မြေ၊ကား၊ဒေါ်လာနှင့် ရွှေဈေးကွက်အတွင်း ရုတ်တရက်မြင့်တက်လာပြီး အရောင်းအဝယ်ရပ်ဆိုင်းသွားသည့် အထိဖြစ်ပေါ်ခဲ့ကာ မော်တော်ကား အရောင်းအဝယ်ဈေးကွက်ကို သုံးရက်ခန့်ပိတ်ထားမည်ဖြစ်ကြောင်း ကားအရောင်းအဝယ်ပြုလုပ်သူများထံက သိရသည်။
” အိမ်ခြံမြေဈေးကွက်ကကြားထဲမှာ လည်းတက်ထားတော့ အခုဒီနှစ်သောင်းတန် ဂယက် ကြောင့်တော့ တက်မသွားသေးဘူး။ ကားကတော့ ဈေးတက်လို့ အရောင်းပါ ပိတ်ထားရတယ်။ အခြားရွှေတို့ ဒေါ်လာတို့ တက်သွားတယ်။ ဆန်ဆိုလည်း တက်တယ်။ အကုန်တက်နေတာပါပဲ” ဟု အိမ်ခြံမြေနှင့် ကားအရောင်းအဝယ်လုပ်နေသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လာမည့်စက်တင်ဘာလကုန်တွင် မော်တော်ကားတင်သွင်းခွင့်လိုင်စင်ချပေးမည်ဟု သတင်း ထွက်ပေါ်နေသဖြင့် ကားဈေးကျရမည့်အချိန်တွင် ယခုလိုနှစ်သောင်းတန် အသစ်ထွက်မည်ကြေညာချက်ကြောင့် ကားဈေးနှုန်းများအဆမတန်မြင့်တက်သွားကာ ယမန်နေ့ဈေးနှင့် ယနေ့ဈေးကွာချက် ကျပ် သိန်း ၅၀ ခန့်ရှိကြောင်း ကားအရောင်းအဝယ်လုပ်သူတစ်ဦး ကဆိုသည်။
ယမန်နေ့ဇူလိုင် ၂၄ ရက်နေ့တွင် နိုင်ငံခြားငွေလဲနှုန်းဈေးကွက်တွင် အမေရိကန် တစ်ဒေါ် လာလျှင် ကျပ် ၃၂၀၀ မှ ၃၄၀၀ ကြားပေါက်ဈေးရှိပြီး ထိုင်းဘတ် တစ်ဘတ်လျှင် ၉၇ ကျပ် နှင့် တရုတ်ယွမ် တစ်ယွမ်လျှင် ၄၇၅ ကျပ်ဖြင့် အရောင်းအဝယ် ပြုလုပ် နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
” အခုဗဟိုဘက်ထုတ်ပြန်ချက်မှာ လဲဖို့ထုတ်တယ်လို့တွေ့ရတယ်။ မှန်ခဲ့ရင်အချိန်တန်ဈေး တွေသူ့ဘာသာပြန်ကျလာမယ်။ ဒါပေမယ့် သုံးဖို့ထုတ်တယ်ဆိုရင် inflation (ငွေကြေးဖောင်းပွမှု) ကျိန်းသေ ထိမှာပဲ။ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုကိုဘယ်သူမှမယုံလို့ အခုလိုဖြစ်လာတာပဲ။ စနစ်တွေ အကုန်ပျက်စီးကုန်မှာတော့ ဘယ်သူမှအယုံအကြည်မရှိတော့ဘူး။ ဒါကိုဘာနဲ့မှပြုပြင် လို့မရဘူး။ စစ်ကောင်စီမရှိတော့မှ လူတွေပြောင်းပြီးတော့မှ ယုံကြည်မှုပြန်တည်ဆောက် မှရတော့မှာ ” ဟု မြန်မာ့စီးပွားရေးကို လေ့လာနေသူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြည်တွင်းရွှေဈေးကွက်တွင် ဇူလိုင် ၂၃ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် သိန်း ၃၆ ထိမြင့်တက်သွားပြီး ယမန်နေ့ဇူလိုင် ၂၄ ရက်နေ့တွင် တစ်ကျပ်သားလျှင် ကျပ် ၃၄ သိန်းရှိကြောင်း စုံစမ်းသိရသည်။
“ရွှေဈေးက မနေ့က အပိတ်ဈေး ၄၂ သိန်းဖြစ်သွားတယ်။ ရွှေက ဈေးသာ ဖွင့်နေတာ ဝယ်လို့မရဘူး။ ရွှေဆိုင်တွေမှာဝယ်ဖို့မေးကြည့်သေးတယ်။ ရွှေအရောင်းမရှိဘူးလို့ ပြောတယ်။ အခုချိန်မှာ pinic buying မဖြစ်အောင် ဘာမှမဝယ်တော့ တာကောင်း ပါတယ်။ ရွှေက တစ်ကျပ်သား ကျပ် သိန်း ၃,၂၆၀,၀၀၀ ( ဇူလိုင် ပထမအပတ်) လောက်ကတည်းက ရွှေအဝယ်မရတာ ” ဟု ရွှေစုဆောင်းသူ တစ်ဦးက ဆိုသည်။
လက်ရှိကုန်ဈေးနှုန်းအခြေအနေတွင် ဆန်နှင့် စားသုံးဆီစျေး မြင့်တက်လာပြီး စားသုံးဆီ တစ်ပိဿာလျှင် ကျပ် တစ်သောင်းနီးပါးဈေးရှိပြီး ဆန်ဈေးကွက်တွင် ဆန်အချောဈေးက တစ်အိမ်လျှင် ကျပ် ၃,၀၀၀မှ ၄,၀၀၀ ကြားတက်သွားပြီး ဆန်အကြမ်းက တစ်အိမ်လျှင် ကျပ် ၂,၀၀၀ မှ ၃,၀၀၀ အထိဈေးပိုတက်သွားကြောင်း ဆန်ရောင်းဝယ်သူတစ်ဦးက ပြောကြားသည်။
ထို့ပြင်ပြီးခဲ့သည့်တစ်ပတ်တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ် ကျပ် ၁၁၅,၀၀၀ ရှိရာမှ ယနေ့တွင် ကျပ် ၁၂၅,၀၀၀ ထိရှိပြီး ဇီယာတစ်အိတ်လျှင် ကျပ် ၆၀,၀၀၀ မှ ၆၂,၀၀၀၊ ဆင်းသွယ်တစ်အိတ်လျှင် ကျပ် ၇၀,၀၀၀ အထက်ဝန်းကျင်ရှိကြောင်း ၎င်းက ဆိုသည်။
” အရင်တုန်းဆိုရင်သူတို့( ဆန်ပွဲရုံ) က ရောင်းချင်နေတာ သူတို့ဆီမေးရင် ဘာဆန်ရှိ တယ်ယူမလားဆိုပြီးပြောနေတာ အခုအဲဒီလိုမဟုတ်ဘူး ဟိုဆန်မရှိဘူး။ ဒီဆန်မရှိဘူး ပြောတာ။ ဒီဆန်ကတော့ ဘယ်လောက်ပဲကျန်တယ်ဆိုပြီးတော့ အဲဒီလို ဖြစ်တဲ့ အခြေ အနေရှိတယ်” ဟု ဆန်လက်လီ၊လက်ကားရောင်းချသူတစ်ဦးက ပြောသည်။
ထို့ပြင်ဈေးကွက်မတည်ငြိမ်မှုများကြောင့် တချို့ဆန်ပွဲရုံများက ဆန်အရောင်းရပ်ထားကာ တချို့ဆန်ပွဲရုံများက ထိန်းရောင်းပေးနေကြောင်း၊ ပြီးခဲ့သည့်အပတ်တွင် လိုအပ် သလောက်ဝယ်ယူနိုင်သည့် ဇီယာဆန်အမျိုးအစားက ယနေ့လိုသလောက်ဝယ်၍ မရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“အခုနှစ်သောင်းတန်ဂယက်ကြောင့် လောဘသမား တွေက ကုန်ဈေးကို မရရအောင် ဆွဲတင်နေကြတယ်။ ဒါကို ငွေကြေးဖောင်းပွတော့မှာပဲဆိုပြီး အကြောက်လွန်ပြီး လိုက် ဝယ်တဲ့သူလည်းရှိတယ်။ အဲဒီတော့ဈေးကပိုတက်တယ်။ ငွေကြေးကဖောင်းပွ နေပြီးသားလေ။ လိုမှဝယ်ကြပါ ” ဟု စီးပွားရေးနှင့်ပတ်သက်၍ လေ့လာနေသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီအနေဖြင့် ပြည်သူများ၏အကျိုးစီးပွားပျက်စီးစေရန် ကုန်စည်ဈေးနှုန်းများ ဆွဲတင်ရန်လှုံ့ဆော် နေသူများ နိုင်ငံခြားငွေလဲလှယ်နှုန်းထားမြင့်တက်စေရန် ကြိုးစား နေသူများကို ဖော်ထုတ်အရေးယူမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးးပေါင်း ဆောင်ရွက်နေကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#စစ်ကောင်စီထုတ် #နှစ်သောင်းတန်ငွေစက္ကူအသစ် #ကုန်စည်ဈေးနှုန်း #ရုတ်တရက်မြင့်တက် #ကားစျေးကွက်ပိတ် #Ayeyarwaddy_Times