ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ ဇူလိုင် ၂၄ ရက်
ကန်ပက်လက်မြို့မှ ပြန်လည်ထွက်ခွါလာသော စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)တို့ သည် ယမန်နေ့က ကတင်းချောင်းတွင် တိုက်ပွဲဖြစ်ပွါးခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါတိုက်ပွဲတွင် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားငါးဦး၏ အလောင်းနှင့် ဒဏ်ရာရသူအများအပြားကို သယ်ဆောင်၍ လေယာဉ်ကွင်းဘက်သို့ သယ်ဆောင်သွားကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)၊ တူမီးတပ်ရင်းမှ တပ်ဖွဲ့ဝင်ဦးအွမ်နိုင်းလည်း ကျဆုံးသွားကြောင်းသိရသည်။
အလားတူ ရဲလောင်းပန်းကျေးရွာ၏ အောက်ဘက်ရှိ လေယာဥ်ကွင်းအနီးတွင် ယနေ့၊ နေ့လည် ၁၂ နာရီက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)၊ Vakokတပ်ရင်းမှ တပ်ဖွဲ့ဝင်ဦးလည်း ထပ်မံကျဆုံးသွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
“ဦးအွမ်နိုင်းကျဆုံးသွားတဲ့အတွက် တကယ်ကို စိတ်မကောင်းဘူး။ သူ့သားမက်က တိုက်ပွဲမှာ ကျသွားတာ မကြာသေးဘူး။ သူကပါ အခု ဆုံးသွားပြန်ပြီ။ သူ့သမီးကလည်း ကျွန်တော်တပ်ရင်းမှာ ထဲထဲဝင်ဝင် လှုပ်ရှားတဲ့ ရဲမေတစ်ဦးဖြစ်တယ်။ ကျွန်တော်အနေနဲ့ အားပေးစကားပြောဖို့တောင် မရှိတော့ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း တိုက်ပွဲမှာ ဒဏ်ရာရလို့ ဆေးကုသမူ ခံယူနေရပါတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)၏ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ လက်နက်ရိက္ခာတင်ပို့လာသော သံချပ်ကာယာဥ် ၂ စီးအပါအဝင် ထောက်ပို့ယာဥ်တန်းနှင့် ကန်ပက်လက်မြို့သို့ တပ်ချိန်းလာသော စစ်ကောင်စီတပ်တို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)နှင့် ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် အပတ်က ခုခံတိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၃၀ နီးပါးသေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
#ချင်းပြည်နယ် #ကန်ပက်လက်မြို့နယ် #တိုက်ပွဲဆက်လက်ပြင်းထန် #ချင်းကာကွယ်ရေးတပ်ဖွဲ့ကန်ပက်လက် #တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံး #စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးသေဆုံး
Photo-CDF-ကန်ပက်လက်တပ်ဖွဲ့ဝင်များ
#ကန်ပက်လက် #တိုက်ပွဲဆက်လက်ပြင်းထန် #ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် #၂ဦးကျဆုံး #စစ်ကောင်စီတပ်ဖွဲ့ဝင်၅ဦးသေဆုံး #Ayeyarwaddy_Times