နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၄ ရက်

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအနီးတွင် အာဏာသိမ်း စစ်ကောင် စီတပ်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ ယမန်နေ့ ဇူလိုင် ၂၃ ရက်နေ့ ညနေပိုင်းက တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက သိရသည်။

မူဆယ်မြို့နယ်မှ စယ်လန့်ကျေးရွာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ ညနေ ၄ နာရီ၃၀မိနစ်ခန့်က တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) တပ်မဟာ(၁)၊ တပ်ရင်း(၁၁၂)မှ အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီခွဲအထိ တစ်နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

“မနေ့ကတော့ လက်နက်ကြီးတွေနဲ့ သူတို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ရွာထဲကို ကျတာရှိတယ်။ ဒါပေမယ့် ထိခိုက်မှုအသေးစိတ်ကိုတော့ ကျွန်တော်တို့ မသိရသေးဘူး။ အဲ့ဒီဘက်မှာတော့ သူတို့(စစ်ကောင်စီ) စစ်ကူပုံစံပေါ့၊ အင်အား တွေထပ်ပြီး ဖြည့်ထား တာတော့ရှိတယ်။ လက်ရှိတော့ မြေပြင်မှာ နှစ်ဖက်ထိတွေ့မှုတော့ မရှိသေးဘူး” ဟု PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးကာ ဒဏ်ရာရရှိ သူများလည်း ရှိခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် TNLA ရှိရာသို့ (၇) ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် မူဆယ်မြို့မှ တိုက်ပွဲဖြစ်ပွားရာ စယ်လန့်ရွာသို့ စစ်ကားနှင့် လူအင်အားများစွာ ပေးပို့လာခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲ ထပ်မံဖြစ်ပွားနိုင် ခြေရှိနေပြီး ယခုချိန်တွင် နှစ်ဖက်စောင့်ကြည့်နေသည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။

“ဟိုးအရင် အာဏာမသိမ်းခင်ကတည်းက ကျွန်တော်တို့ဘက်ကို ထိုးစစ်ဆင်မှု တွေရှိတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း သိပ်ပြီးလျော့သွား တာမျိုးမရှိဘူး။ အရင်ကတော့ တောတွင်းအထိ လိုက်လံတိုက်ခိုက်တာရှိတယ်။ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ တောတွင်းအထိလိုက်လာပြီး တိုက်ခိုက် တာတော့ သိပ်တော့မရှိဘူး။ ဒါပေမယ့် ရံဖန်ရံခါတော့ တိုက်ပွဲငယ်တွေတော့ ရှိတာပေါ့။ ဒီလထဲမှာတော့ တိုက်ပွဲက အခုနဲ့ဆိုရင် လေးကြိမ်မြောက် ပြန်ဖြစ်တာပေါ့။ အဲဒါလည်း ပြန်ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ရှိတဲ့နေရာကို လိုက်ပြီး တိုက်ခိုက်တာရှိတယ်။ တချို့နေရာမှာတော့ ကျွန် တော်တို့နားထိကို သူတို့ ထိုးစစ်ဆင်ပြုလုပ်တယ်” ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ဆိုသည်။

ယခုလ ဇူလိုင်လအတွင်း စစ်ကောင်စီတပ် နှင့် TNLA တို့သည် မိုင်းငေါ့မြို့နယ် တစ်ကြိမ်၊ ကွတ်ခိုင်မြို့နယ်တွင် တစ်ကြိမ်၊ မူဆယ်မြို့နယ်တွင် နှစ်ကြိမ် စုစုပေါင်း တိုက်ပွဲလေးကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ- PSLF/TNLA
#မူဆယ်မြို့ #စစ်ကောင်စီတပ် #TNLA #တိုက်ပွဲ #စစ်ကောင်စီတပ်သား၃ဦးသေ #Ayeyarwaddy_Times